Home
မြန်မာသတင်း
စစ်မှုထမ်းဥပဒေကို ကျော်လွန်လုပ်ဆောင်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ၃ ဦးကို သတိပေး
DVB
·
November 1, 2024
Photo - သူရ

စစ်မှုထမ်းဥပဒေကို ကျော်လွန်လုပ်ဆောင်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ထဲက မြို့နယ်အုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်ကောင်စီ တိုင်းစစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ခေါ်ယူ သတိပေးခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး အောင်ကျော်ဦး၊ ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနဲ့ သာပေါင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်တို့ကို စစ်မှုထမ်းငွေကြေးကောက်တဲ့ ကိစ္စတွေ အပါအဝင် စစ်မှုထမ်းဥပဒေကို ကျော်လွန်လုပ်ဆောင်မှုတွေ ရှိတယ်ဆိုပြီး တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်မှာ ခေါ်ယူ သတိပေးခဲ့တာလို့ သိရပါတယ်။

တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူက “တိုင်းအဆင့်က မြို့နယ်အဆင့် အုပ်ကြီးတွေကို ခေါ်ဆူတာ။ လက်ရှိ တိုင်းသတင်းတပ်ဖွဲ့ဆီ တိုင်ကြားတာတွေ ခပ်စိပ်စိပ် ရှိလာလို့တဲ့။ ထူးခြားတာက တိုင်းအဆင့် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ကိုပါ တိုင်ကြားလာလို့ ခေါ်သတိပေးတာပါ။ လက်အောက်ခံ ရပ်ကျေးအဆင့်တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ တိုင်းအဆင့်က ပြောလိုက်တယ်” လို့ ပြောပါတယ်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခေါ်ယူသတိပေးခဲ့တဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်မှုထမ်းဥပဒေနဲ့ ဆန့်ကျင်ပြီး မလျော်ဩဇာသုံး လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်တာ တွေ့ရှိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သတိပေးခဲ့တာလို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

သာပေါင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သတင်းတပ်ဖွဲ့ကို တိုင်ကြားတုန်းက အဲ့လောက်အကြောင်းမထူးဘူး။ အခုနောက်ပိုင်း တိုင်းအဆင့် ဆင့်ခေါ်ရေးအဖွဲ့ကို အရပ်သားတွေက စုတိုင်ကြတော့ အခုလို ခေါ်သတိပေးတာပါ။ အောက်ခြေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ထပ်ဆင့်သတိပေးတာတွေ လုပ်နေတာ။ သူမဲ ကိုယ်မဲ အခြေအနေဖြစ်နေတယ်” လို့ ပြောပါတယ်။

တိုင်းအဆင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ တိုင်းသတင်းတပ်ဖွဲ့ကို သုံးမြို့နယ်က အရပ်သားတွေက စစ်မှုထမ်း ငွေကောက်တာ၊ လူစားထိုးတာ၊ ဥပဒေနဲ့အညီ ဆင့်မခေါ်တာ၊ ဖမ်းဆီးခေါ်ယူတာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မိမိ မိသားစုနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရှိသူတွေကို စစ်မှုထမ်းစာရင်းက ပယ်ဖျက်တာ စတဲ့အချက်တွေကို စုပေါင်းတိုင်ကြားလာမှုကြောင့် သတိပေးတဲ့အဆင့်အထိ လုပ်နေရတာဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013