Home
မြန်မာသတင်း
ရေနံ့သာစစ်ဆေးရေးဂိတ် လာဘ်စားမှု တပ်ရင်းမှူးအပါအဝင် ၅ ဦးကို ထပ်မံဖမ်းဆီးစစ်ဆေး
DVB
·
October 31, 2024
Photo-KKL

ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်ကောင်စီတပ်အရာရှိ ၆ ယောက်ရဲ့ လာဘ်စားမှုမှာ ပါဝင်ပတ်သက်တယ်လို့ဆိုပြီး စစ်ကောင်စီက တပ်ရင်းမှူးနဲ့ ဗိုလ်မှူးတွေအပါအဝင် ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့  စစ်တပ်အသိုက်အဝန်းနဲ့ နီးစပ်သူတွေဆီကနေသိရပါတယ်။ 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးနဲ့  ဂွ-ငါးသိုင်းချောင်းလမ်းဆုံမှာရှိ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းတွေကို လာဘ်ငွေသိန်း ထောင်ပေါင်းများစွာရယူပြီး ရခိုင်ဘက် သယ်ယူခွင့်ပြုခဲ့တာကြောင့်ဆိုကာ ဖမ်းဆီးစစ်ဆေး စွဲချက်တင်ခံထားရတဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ ဗိုလ်မှူးကြီးအောင်ဆန်းလွင်၊ ဒုတိယ ဗိုလ်မှူးကြီးကျော်စွာထွန်း၊ ဗိုလ်မှူး စိုးရန်နိုင်ပါအဝင် ၆ ယောက်ကို စစ်ခုံရုံးက အောက်တိုဘာ ၇ ရက်က စွဲချက်တင်ခဲ့ပါတယ်။ 

အဆိုပါလာဘ်စားတဲ့အမှုမှာ ပါဝင်နေတယ်လို့ ဆိုပြီး အောက် တိုဘာ ၃၀ ရက်က တပ်ရင်းမှူးနဲ့ ဗိုလ်မှူး အပါအဝင် ၅ ယောက်ကို ထပ်မံဖမ်းဆီးစစ်ဆေးနေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ 

“ပထမ ၆ ယောက်ကို စစ်ဆေးချက်များအရ လာဘ်ပေးလာဘ်ယူမှုထင်ရှားလို့ အောက်တိုဘာလ ၇ ရက်ကစစ်ခုံရုံးက စွဲချက်တင်ထားတယ်။ အခုထပ်ပြီးလာဘ်စားမှုမှာ ပါဝင်တယ်လို့ဆိုပြီးတော့ တပ်ရင်းမှူးတွေ၊ ဗိုလ်မှူးတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ သိရတယ်။ စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့ (စရဖ) ကပဲ စစ်ဆေးနေတာပါ။ ဘယ်တပ်က ရင်းမှူးတွေလည်းတော့ မသိသေးဘူး။”

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ကဗိုလ်မှူးကြီး မျိုးညွန့်ဦးအပါအဝင် ၆ ယောက်ကို စစ်ဆေးစွဲချက်တင်ခဲ့ပြီး နောက်အခြေအနေအသေးစိတ်ကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ထံ တင်ပြခဲ့လို့ မင်းအောင်လှိုင်က လာဘ်စားမှုမှာ ဆက်စပ်ပါဝင်သူတွေကို စစ်ဆေးဖို့ အမိန့် ချခဲ့တာလို့ ဆိုပါတယ်။ 

ပုသိမ်မြို့နေ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ တပ်မိသားစုဝင်တယောက်က “ထပ်စစ်ဆေးနေတာက ၅ ယောက်ပါ။ ၅ ယောက်လုံးကို ပုသိမ်မြို့တိုင်းစစ်ရုံးမှ စစ်ဆေးနေတာလို့ သိရတယ်။ သူတို့ကိုလည်း အကျင့်ပျက်ခြစားမှု နဲ့ ဖမ်းဆီးခဲ့တာ ပြောတယ်။ သူတို့ကို လက်ကိုင်ဖုန်းတွေပါ သိမ်းထားတာ” လို့ ပြောပါတယ်။ 

စစ်ကောင်စီက အကျင့်ပျက်ခြစားတယ်လို့ဆိုပြီး ပထမ စွဲချက်တင်ခံထားရတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိကြီး ၆ ယောက်ရဲ့ပိုင်ဆိုင်မှုတွေကိုပါ စစ်ဆေးခဲ့တာကြောင့် လာဘ်စားမှုနဲ့ ရရှိထားတဲ့ အိမ်ခြံမြေ၊ KTV နဲ့ ဘဏ်စာအုပ် စတဲ့ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ် အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတဲ့အပြင် သက်ဆိုင်ရာမိသားစုတွေကိုလည်း တပ်တွင်းနေရာတွေကနေ ဖယ်ရှားထားတယ်လို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024