ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၄ နယ်မြေ၊ ဘိတ်(မြိတ်)−ထားဝယ်ခရိုင်အတွင်း တပ်စခန်းစွန့်ခွာလာတဲ့ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၄၈ ယောက် လက်နက်မျိုးစုံနဲ့အတူ လက်နက်ချအညံ့ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၆ ယောက်သေဆုံးပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံခဲ့တာကြောင့် လက်နက်ကြီးလက်နက်ငယ် ၆၇ လက်ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
လက်နက်ချ အညံ့ခံလာတဲ့ ခလရ ၁၀၃ တပ်ရင်းက တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ယောက်ကို နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေနဲ့အညီ ဘိတ်(မြိတ်)−ထားဝယ်ခရိုင် တာဝန်ရှိသူတွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
တပ်မဟာ ၄ နယ်မြေ၊ ဘိတ်(မြိတ်)−ထားဝယ်ခရိုင်တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် ဆက်သွယ်လို့မ ရခဲ့ပါဘူး။