ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံဗျူဟာစိန်လုံဗျူဟာကနေ ထွက်ပြေးလာတဲ့ ဗျူဟာမှူး အပါအဝင် စစ်သုံ့ပန်း ၁၁ ယောက်နဲ့ ဆော့လော်က တပ်ရင်းမှူးကို ဧပြီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
"အကုန်လုံးကို မနေ့က ဖမ်းမိတာ။ ၁၁ ယောက်ထဲမှာ အဲဒီ ဗျူဟာမှူး ပါဝင်တယ်။ သေဆုံးတာ ဘယ်နှယောက်ရှိလဲတော့ အတိအကျမသိဘူး၊ အယောက် ၃၀ သေတယ်လို့တော့ ပြောနေကြတယ်။ ဖမ်းမိတာတော့ အယောက် ၂၀ မဟုတ်ဘူး၊ ၁၁ ယောက်ပဲ။"
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတွေကို ကျရီကရုံ ဆိုတဲ့နေရာမှာ ပိတ်ဆို့ ရှင်းလင်းတာဖြစ်ပြီး လက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိတယ်လို ဆိုပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မှာလည်း စစ်ကောင်စီ တပ်ရင်းမှူးတယောက်ကို KIA ပူးပေါင်းတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ နောက်ထပ် KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
"ချီဖွေ ဆော့လော်မှာ ဒီနေ့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်ရင်းမှူး တဦးကို ဖမ်းမိတယ်။ အင်မိုင်ခ နဲ့ ငေါ့်ချန်း မြစ်ဆုံကြား၊ KIA တပ်မဟာ ၃၊ တပ်ရင်း ၄၆ နယ်မြေမှာ။ ချီဖွေမြို့ကနေ အင်မိုင်ခ မြစ်ကြောင်းအတိုင်း တက်လာတဲ့ ကုန်းမှာ ဟုတ်တယ်။"
ပြီးခဲ့တဲ့ မတ် ၃၀ ရက်ကလည်း မြစ်ကြီးနား၊ တန်ဖရဲ (မြစ်ဆုံ) က စခန်းမှူး ဦးကိုကိုနိုင် ဆိုသူ ပျောက်ဆုံးနေကြောင်း သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။
ဧပြီ ၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ လွယ်ဂျယ် နဲ့ မိုးမောက်ကြားက သက်တမ်း နှစ်ပေါင်း ၇၀ ခန့်ရှိ သမိုင်းဝင် စိန်လုံ စစ်ကောင်စီ ဗျူဟာ တပ်စခန်းကြီးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အားလုံး အပြီးသတ် သိမ်းပိုက်လိုက်တာပါ။