ကိုလံဘီယာနဲ့ ပနားမား ၂ နိုင်ငံစလုံးဟာ အမေရိကန်ပြည်ထောင်စုကို သွားတဲ့လမ်းကြောင်းဖြစ်တဲ့ ဒါရီယန်တောအုပ်ကို ဖြတ်သန်းသွားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အကာအကွယ်ပေးဖို့နဲ့ အကူအညီပေးဖို့ ပျက်ကွက်ခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဧပြီ ၃ ရက် မှာ ထုတ်ပြောလာခဲ့ပြီးနောက်မှာ အဲဒီ ၂ နိုင်ငံက သူတို့ဟာ တောအုပ်ကိုဖြတ်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို စွန့်ပစ်ထားတယ်ဆိုတဲ့စကားကို ဧပြီ ၅ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြီး ငြင်းဆိုခဲ့ကြပါတယ်။
ကြေညာချက်ထဲမှာ ကိုလံဘီယာနဲ့ ပနားမား နိုင်ငံခြားရေးဝန်ကြီးတွေက ဒီရွှေ့ပြောင်း နေထိုင်မှု ကိစ္စဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တခုဖြစ်ပြီး သူတို့ ၂ နိုင်ငံစလုံး လက်လှမ်း မမီနိုင်တဲ့ စိန်ခေါ်မှု တခုဖြစ်နေကြောင်း ပြောကြားပြီး သူတို့ဟာ အလွန် ပြင်းပြင်းထန်ထန်ကို ကြိုးစားအားထုတ်ခဲ့ကြကြောင်းလည်း ဆိုပါတယ်။
ကိုလံဘီယာမှာ ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က နေဖို့ စိတ်အားထက်သန်မှု ရှိကြပေမဲ့ ဒီထက်ပိုပြီး အရင်းအမြစ်တွေ ပိုလိုအပ်နေကြောင်းလည်း ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီး လူးဝစ်စ် ဟီလ်ဘာတို မော်ရီယို က ပြောပါတယ်။
ဗင်နီဇွဲလားမှ သာမက ကိုလံဘီယာနိုင်ငံတွေမှ ရွှေ့ပြောင်းနေထိုင်သူ ၃ သိန်းခွဲကနေ ၆ သိန်း အကြား လက်ခံပေးလို့ရမယ့် စည်းမျဉ်းစည်းကမ်းတွေက ကိုလံဘီယာမှာ ရှိပြီးသား ဆိုပေမဲ့ ဒီစိန်ခေါ်မှုကို တုံ့ပြန်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်ကြောင်းလည်း ဆိုပါတယ်။
ပနားမန်နိုင်ငံခြားရေးဝန်ကြီး ဟနိုင်းယ်နား တေဝမ်နေးကလည်း တောင်ဘက်မှာရှိတဲ့ တချို့နိုင်ငံ တွေအနေနဲ့ ဒီလိုဖြတ်ကျော်မှုကို ခွင့်ပြုထားတဲ့ သူတို့ရဲ့ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒတွေကို ပြန်သုံးသပ်ရမှာဖြစ်ပြီး ဟေတီနဲ့ ဗင်နီဇွဲလားတို့မှ ကိစ္စတွေကလည်း သူတို့အတွက် အလွန်အရေးကြီးပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာ ဖြစ်လာတဲ့အခါ ရိုးရှင်းတဲ့ ရှုထောင့်ကနေ ကြည့်လို့ မရကြောင်းလည်း ပြောကြားပါတယ်။
၂၀၂၃ ခုနှစ်မှာ ပနားမားအာဏာပိုင်တွေဟာ ရွှေ့ပြောင်းနေထိုင်သူ အများအပြား အမေရိကန် နယ်စပ်ကို ခြေလျင်ခရီး ထွက်ကြရာ ပနားမားနဲ့ ကိုလံဘီယာတို့ကို ဆက်သွယ်ထားတဲ့ ဒါရီယန်တောအုပ်ကို စံချိန်တင် ဖြတ်ကျော်ခဲ့တဲ့ အရေအတွက် ကိန်းဂဏန်းတွေကို အစီရင်ခံ တင်ပြခဲ့ကြပါတယ်။
Source/Photo - Reuters