မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲက ပင်လယ်ကမ်းစပ်ကျေးရွာတွေဖြစ်တဲ့ အလှပ်၊ ဝဲပတန်နဲ့ ကျားဘိုကျေးရွာက ရေလုပ်သား ၇၀ ဝန်းကျင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း ဒေသခံတွေထံက သိရပါတယ်။
ပေါင်မြို့နယ်ထဲက ကျေးရွာ ၃ ရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်ကစပြီး ပင်လယ်ပြင်ထွက်ပြီး ပြန်လာတဲ့ ရေလုပ်သားတချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့သလို လက်ရှိမှာ ရောဂါဖြစ်ပွားသူ ၆၈ ယောက်အထိ ရှိလာပြီလို့ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့အထိ လူနာ ၆၈ ဦးထိ ရှိလာပြီ။ အားလုံးက ပေါင်ဆေးရုံမှာတော့ မဟုတ်ပါဘူး။ တိုက်နယ်ဆေးရုံတွေမှာလည်း တက်ရောက်ကုသနေတာတွေ ရှိပါတယ်။ တချို့ ရောဂါပြင်းထန်တဲ့သူတွေကိုတော့ မော်လမြိုင်ဆေးရုံကြီးကို လွှဲပြောင်းထားတာပါ။”
ပေါင်မြို့နယ်ထဲက ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့တဲ့ ရေလုပ်သားတွေအနေနဲ့ လက်ရှိအချိန်ထိ အသက်သေဆုံးတာမျိုး မရှိသေးကြောင်းနဲ့ အဲဒီရေလုပ်သားတွေကတဆင့် ရပ်ရွာအတွင်း ပြန့်ပွားမှု မရှိစေဖို့အတွက် ကျန်းမာရေး ပညာပေးတာအပြင် ကလိုရင်းဆေး လိုက်လံခတ်တာတွေ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ထမ်းတွေထံက သိရပါတယ်။
ပေါင်မြို့နယ် အလှပ်ကျေးရွာမှ ဒေသခံတယောက်က “ပင်လယ်ထွက်ပြီး ပြန်လာတဲ့သူတွေ ဖြစ်ကြတာ။ သူတို့လည်းဖြစ်ပြီးရော ရွာထဲကအိမ်တွေမှာ ကလိုရင်းဆေးတွေ လိုက်ခတ်ကြတာ။ ကျမတို့က ရောဂါကူးမှာလည်း ကြောက်နေရသလို ဆေးလိုက်ခတ်တဲ့အဖွဲ့ကို ကြည့်ပြီးလည်း ကြောက်နေရတာ။ ဘာလို့လဲဆို သူတို့နဲ့ ရဲတွေပါ လိုက်လာပြီး သေနတ်တွေနဲ့ ဖြစ်နေလို့ပေါ့” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီပင်လယ်က ရေလုပ်သား ရာနဲ့ချီ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခဲ့ပြီး ရေလုပ်သား ၆ ယောက် သေဆုံးခဲ့ကြောင်းနဲ့ ရေးမြို့နယ် အစင်ကျေးရွာက ရေလုပ်သားတယောက်မှာလည်း အဲဒီရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။