Home
မြန်မာသတင်း
ရွှေရောင်းဝယ်လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စစ်ကောင်စီသတ်မှတ်
DVB
·
October 30, 2024

ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဒီကနေ့ အောက်တိုဘာ ၃၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကြေညာလိုက်သလို အဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်စေတဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို အပ်နှင်းကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုအစိုးရအဖွဲ့က အောက်တိုဘာ ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီကိုလည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်ရွေးချယ်ထားပြီး ထွေအုပ်၊ စသုံးလုံး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဗဟိုဘဏ်၊ စီးပွားကူးသန်း၊ အခွန်၊ အမှတ် ၂ သတ္တုတွင်း စတဲ့ ဌာနတွေက ညွှန်ကြားရေးမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေပါဝင်တဲ့ အဖွဲ့ဝင် ၁၄ ဦးနဲ့ ဖွဲ့စည်းထားပြီး ရွှေဈေးနှုန်းတည်ငြိမ်ဖို့အတွက် လုပ်ငန်းတာဝန် ၇ ခုကိုလည်း ပူးတွဲဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက အတည်ပြုဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတယောက်က  ပြောပါတယ်။

“ညီမတို့ကိုယ်တိုင်ကိုက ဘယ်လိုပြောမလဲ၊ လိုက်ပြီးတော့ သေချာအောင်လုပ်နေသေးတယ်။ မသိရသေးလို့ပါ။”

သတ်မှတ်ထားတဲ့အမိန့်တွေကို မလိုက်နာရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) အရ အနည်းဆုံး ထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃ နှစ်နဲ့ ကျပ် ၅ သိန်းထက်မပိုတဲ့ ငွေဒဏ်ချမှတ် အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရွှေအရောင်းအဝယ်လုပ်သူတယောက်က “ဘာမှထွက်မလာသေးဘူးပေါ့နော်။ ဘာဖြစ်မယ်ဆိုတာ၊ ဘာလုပ်ရမယ်ဆိုတာ အဲ့ဒါတွေ ကျနော်တို့လည်း ဘာမှမသိသေးဘူး။ သူတို့ဘာသာထုတ်ထားတာတော့ ထုတ်ထားတာပေါ့။ အဲ့ဒါတော့ အားလုံးသိတဲ့အတိုင်းပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာတော့ ဘာမှတော့ မပြောလာသေးဘူး”လို့ ပြောပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ နီးစပ်သူဖြစ်ပြီး ရွှေအပါအဝင် ဓာတ်သတ္တုတူးဖော်ရေးဆိုင်ရာ ဘူမိဗေဒကျွမ်းကျင်သူတယောက်ကတော့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပြပါတယ်။

“တခါမှ အဲ့လိုမလုပ်ဖူးဘူး။ ရွှေကို လွတ်လပ်စွာရောင်းဝယ်ခွင့်မရှိဘူး။ အရင်ထက်ပိုဆိုး သွားလိမ့်မယ်။ ရွှေကို ဘယ်လိုခေါ်မလဲဆိုတော့ အိမ်ခြံမြေအရောင်းဝယ်လုပ်တာရယ်၊ ရွှေရယ်ကို ဧရာဝတီတိုင်းမှာ တခါသင်တန်းပေးသလိုနဲ့ လိုင်စင်ထုတ်ပေးပြီးတော့ ရွှေသိန်းတထောင်ဖိုး အရောင်းဝယ်ဖြစ်ရင် ကျနော်တို့ အကြောင်းကြားရမယ်ဆိုပြီးတော့ အဲ့ဟာလုပ်တယ်။ အခုဟာက ဘယ်လိုဟာလဲတော့ မသိဘူး။”

အောက်တိုဘာ ၂၉ ရက် အခေါက်ရွှေဈေးကွက်ပေါက်ဈေး ရောင်းဈေးက တကျပ်သားကို ကျပ် ၅,၈၀၀,၀၀၀ ပေါက်ဈေးရှိပြီး ရည်ညွှန်းဈေးက ကျပ် ၅,၆၂၉,၁၀၅ သတ်မှတ်ထားပါတယ်။

၁၅ ပဲရည်တကျပ်သားကို ဈေးကွက် ပေါက်ဈေးအဖြစ် ချိတ်ဆွဲကြေညာထားတာ ကျပ် ၅,၂၇၀,၀၀၀ ဖြစ်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ကြောင့် ရွှေဆိုင်အများစုရှိရာ ရန်ကုန်မြို့လယ်မှာတော့ ရွှေအရောင်းအဝယ်က တစုံတရာ ထူးခြားတာ မရှိဘူးလို့ စုံစမ်းသိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013