ပဲခူးတိုင်း၊ ဝေါမြို့နယ် ဗျူဟာလမ်းဆုံအနီးရှိ ညောင်ခါးရှည် X-Ray ဂိတ်မှာ အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် မှန်လုံယာဉ်ငယ်ပေါ်က လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဝေါမြို့နယ် ညောင်ခါးရှည် X-Ray ဂိတ်မှာ အောက်တိုဘာ ၂၈ ရက် နေ့လယ် ၂ နာရီခွဲလောက်က မော်လမြိုင်ဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ‘သိင်္ဂီအောင်’ ခရီးသည်တင် မှန်လုံယာဉ်ငယ်ပေါ်က လူမဲ့တန်ဆာနဲ့ တင်ဆောင်လာတဲ့ လက်နက်နဲ့ ကျည်ဆန်တွေ စစ်ဆေးတွေ့ရှိခဲ့တာလို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကုန်ပစ္စည်းတွေနဲ့ရောပြီး တင်လာတာပါ။ တန်ဆာထဲမှာက ‘ကိုမင်းထိုက်၊ ပျော်ဘွယ်’ ဆိုပြီး အဝါရောင် ဆာလာအိတ်နဲ့ထုပ်ပြီး တင်လာတာ။ ကွင်းဆက်ဖမ်းဆီးရမိဖို့အတွက် ဆက်လက်စုံစမ်းနေပါတယ်။”
‘သိင်္ဂီအောင်’ ခရီးသည်တင် မှန်လုံယာဉ်ငယ်ပေါ်ပါ ဆာလာအိတ်ထဲက ကတ်ထူစက္ကူဂျပ်ဖာနဲ့ ထုပ်ပိုးထားတဲ့ အဖြူရောင် ပလတ်စတစ်ပုံးအတွင်းက ရေချိုငါးပိတွေနဲ့ရောကာ အဝါရောင်တိပ်၊ ခဲစက္ကူတွေနဲ့ ပိတ်လျက် ၄၀ မမ သေနတ် ၁ လက်၊ ၄၀ မမ ကျည် ၅ တောင့်၊ 380 Auto ကျည် ၅၀ တောင့်တို့ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လုံခြုံရေးအဖွဲ့တွေ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်နဲ့ ခဲယမ်းတွေကိုတော့ ကော့ကရိတ်မြို့နယ်၊ ထိုးကော်ကိုးတောင်ခြေရှိ ‘သိင်္ဂီအောင်’ ကားဂိတ်မှ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ ‘သိင်္ဂီအောင်’ ကားဂိတ်ကို လူမဲ့တန်ဆာ တင်ဆောင်ပေးလိုက်တာဖြစ်သလို ရန်ကုန်ကားဂိတ်ကတဆင့် လူမဲ့တန်ဆာပေါ် ပါရှိတဲ့ ဖုန်းနံပါတ်၊ လိပ်စာအတိုင်း ပျော်ဘွယ်မြို့ကို ဆက်လက်ပို့ဆောင်ပေးရမှာဖြစ်ကြောင်း သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ကလည်း ညောင်ခါးရှည် X-Ray ဂိတ်မှာ ခရီးသည်တင်ယာဉ်တစီးပေါ် လိုက်ပါလာတဲ့ ခရီးသည်တယောက်ဆီက ပစ္စတို ၁၆ လက်နဲ့အတူ ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့သေးကြောင်း သိရပါတယ်။