ငွေကြေးချမ်းသာပြီး ပညာလိုလားတဲ့ မြန်မာနိုင်ငံသား တရုတ်လူမျိုးတချို့ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းတက္ကသိုလ်တခုခုကနေ ဘွဲ့ရရှိခြင်းအပေါ် အင်မတန်ဂုဏ်ယူလေ့ရှိတယ်။
ဒါ့ကြောင့် ပညာကို ဂုဏ်ဒြပ်တခုလို သတ်မှတ်ပြီး ငွေကြေးပြည့်စုံတဲ့ မြန်မာနိုင်ငံသား တရုတ်တချို့က ဘေဂျင်းမှာ တက္ကသိုလ်တက်ခွင့်ရရေး ကြိုးစားကြတယ်။ ဘေဂျင်းမြို့မှာက နာမည်ကျော် ကမ္ဘာ့အဆင့် ပီကင်းတက္ကသိုလ်နဲ့ ဆင်ဝှာတက္ကသိုလ်တို့ရှိပြီး အဲဒီနှစ်ခုအနက် ဆင်ဝှာတက္ကသိုလ်မှာ မြန်မာနိုင်ငံသား တရုတ်တွေ ပညာသင်ကြားကြကြောင်း သိရတယ်။
ပီကင်းတက္ကသိုလ်နဲ့ ဆင်ဝှာတက္ကသိုလ်တို့ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တွေ ဖြစ်တာကြောင့် တက္ကသိုလ်ဝင်ခွင့် ထိပ်တန်းအမှတ်ရရှိထားတဲ့ လက်တဆုပ်စာ တရုတ်နိုင်ငံသား လူငယ်တွေသာ တက်ရောက်ခွင့်ရတယ်။ ပီကင်းတက္ကသိုလ်က ဝိဇ္ဇာဘာသာရပ် သင်ကြားရေးမှာ နာမည်ကြီးပြီး ဆင်ဝှာတက္ကသိုလ်ကတော့ အင်ဂျင်နီယာဘာသာရပ် သင်ကြားရေးမှာ သိပ်ကျော်ကြားတယ်။
ပီကင်းတက္ကသိုလ်မှာ ဒေသတွင်း နိုင်ငံခြားပညာတော်သင်ကျောင်းသားတွေကို အတွေ့ရ နည်းပေမဲ့ ဆင်ဝှာတက္ကသိုလ်မှာတော့ အတွေ့ရများတယ်။ ဆင်ဝှာတက္ကသိုလ်မှာ မြန်မာနိုင်ငံသား အစိုးရပညာတော်သင် နည်းနည်းနဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကျောင်းလာတက်တဲ့ မြန်မာနိုင်ငံသား တရုတ်လူငယ် တနှစ်ကို ၂၀ ကျော် ၃၀ ဝန်းကျင်လောက် ရှိကြောင်း အစိုးရပညာတော်သင် ကျောင်းသားတချို့ဆီကနေ သိရတယ်။ အစိုးရပညာတော်သင်တွေဟာ မြန်မာနိုင်ငံ နည်းပညာတက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေဖြစ်ပြီး ဝင်ခွင့်ဖြေစရာမလိုဘဲ အစိုးရချင်း အစီအစဉ်အရ ဆင်ဝှာတက္ကသိုလ်မှာ တက်ရောက်ခွင့်ရကြတာပါ။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပညာတော်သင်လာကြတဲ့ မြန်မာနိုင်ငံသား တရုတ်တွေလို ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွားတွေက ဆင်ဝှာတက္ကသိုလ် တက်ခွင့်ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေရပေမဲ့ သိပ်ခက်ခဲလွန်းလှတဲ့ ဝင်ခွင့်စာမေးပွဲမျိုးတော့ မဟုတ်ပါဘူး။
မြန်မာနိုင်ငံသား တရုတ်လူငယ်တွေဟာ တရုတ်တို့ရဲ့ ဗဟိုချက် ဘေဂျင်းမြို့တော်ဆီ အထင်ကြီးတဲ့ စိတ်နဲ့ရောက်လာကြပြီး တချို့ဆိုရင် ဘေဂျင်းမှာ အခြေချမယ်ဆိုတဲ့ ပိုင်းဖြတ်စိတ်တောင် ရှိကြတာပါ။ ဘေဂျင်းရောက်ပြီး မကြာခင် မြန်မာနိုင်ငံသား တရုတ်လူငယ်တွေ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်ခဲ့ရတာက ဆင်ဝှာတက္ကသိုလ်မှာရှိတဲ့ ပြည်မကြီး တရုတ်တွေက သူတို့ကို လုံးဝအဖက်မလုပ်ကြတာကိုပါပဲ။ သူတို့ရဲ့ စိတ်ကူးယဉ်မှုထဲမှာ ပြည်မကြီး တရုတ်တွေက သူတို့လို ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွားတွေကို အကြောင်းအမျိုးမျိုးကြောင့် အမိမြေကနေ ခွဲခွာခဲ့ရပြီး အခုမှ အိမ်ပြန်ရောက်လာတဲ့ ညီငယ်၊ ညီမငယ်တွေအဖြစ်နဲ့ လှိုက်လှဲစွာ ကြိုဆိုကြမယ်လို့ ထင်ခဲ့ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ လုံးဝအဖက်မလုပ်ခြင်းဒဏ်ကို မထင်မှတ်ဘဲ ခံလိုက်ရတာမို့ ရှော့ခ်ရကြပါတယ်။
တရုတ်ပြည်မကြီးရဲ့ အထာကြီးဝါဒလား၊ ဘေဂျင်းရဲ့ မာန်မာနလားတော့ မပြောတတ်။ တရုတ်လူမျိုးချင်း တူပေမဲ့ တရုတ်နိုင်ငံသား မဟုတ်သူတွေအပေါ် အဖက်မလုပ် ခွဲခြားမှု။ အခုမှ ရောက်စ မြင်စမို့ ခပ်တန်းတန်း။ တလ၊ နှစ်လလောက်ကြာရင် ကောင်းမွန်တဲ့ ဆက်ဆံရေးတရပ် ဖြစ်လာမယ်လို့ မြန်မာတရုတ်တချို့ က မြန်မာလို တွေးမိကြပါသေးတယ်။
တလ ကြာတော့လည်း ဒီအတိုင်း၊ နှစ်လ ကြာတော့လည်း မပြောင်းတော့တာမို့ ကိုယ့်အသိနဲ့ကိုယ် နေရာပြန်ချဖို့ ကြိုးစားရ၊ ကိုယ့်ရဲ့ လူမှုအသိုက်အမြုံကို ကိုယ့်မြန်မာအသိုက်အဝန်းမှာ ပြန်ဖွဲ့စည်းရတော့တယ်။ မြန်မာ တရုတ်မှ မဟုတ်၊ တခြားနိုင်ငံသား တရုတ်တွေလည်း အဲဒီလို။ ဟောင်ကောင်တရုတ်၊ ထိုင်ဝမ်တရုတ်တို့ဟာလည်း ပြည်မကြီးတရုတ်တွေနဲ့ ခပ်ဝေးဝေး။ ဒီနေ့ခေတ်မှာ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နဲ့ ထိုင်ဝမ် တရုတ်တနိုင်ငံတည်း အမြင်အပေါ် အများက အသိအမှတ်ပြု လက်ခံကြပေမဲ့ အခြေခံပြည်သူတို့ရဲ့ အမြင်မှာတော့ ငါတို့သည် ဘာဆိုဘာမှမဆိုင်ဆိုတဲ့ အယူအဆသာ အပြန်အလှန် စူးရှလွန်းဆဲပါပဲ။
ဘေဂျင်းရောက် မြန်မာတရုတ်တွေတောင် ပါးစပ်အဟောင်းသားဖြစ်ရတဲ့ နောက်တချက်က ဘေဂျင်းလူငယ်တွေကြား အကျိုးစီးပွားအပေါ်အခြေခံတဲ့ ဆက်ဆံရေးပုံစံပါပဲ။ ဘေဂျင်းလူငယ်တွေကြား ယဉ်ကျေးမှုတရပ်အသွင် အခိုင်အမာတည်ရှိနေတဲ့ အချက်တချက်က “အကူအညီဆိုတာ အလကားမရဘူး” ဆိုတာပါပဲ။ အင်မတန်လွတ်လပ်ပေါ့ပါးပြီး နှောင်ဖွဲ့မှုအဟုန် ကြီးမားတဲ့ တက္ကသိုလ်ရပ်ဝန်းထဲမှာပင် တယောက်က အကူအညီတခု တောင်းလာမှုကို အကူအညီ အတောင်းခံရသူက “မင်း ဘာပေးမလဲ” လို့ တည့်တည့်မေးခြင်းဟာ သူတို့ရဲ့အလေ့မှာ ရိုင်းစိုင်းတယ်လို့ မခေါ်ပါဘူး။
အကူအညီတောင်းသူက သူ တောင်းတဲ့ အကူအညီနဲ့ထိုက်တန်တဲ့ တုံ့ပြန်မှုတခုခုပေးဖို့ စဉ်းစားထားပြီး ဖြစ်သလို အကူအညီအတောင်းခံရသူကလည်း သူ ပေးတဲ့အကူအညီနဲ့ ထိုက်တန်တဲ့ တခုခုမရဘဲ အကူအညီမပေးပါဘူး။ ပြောရရင် နှလုံးသားချင်း ဆက်ဆံရေးဆိုတာမရှိဘဲ အကျိုးစီးပွား ဆက်ဆံရေးသာ ရှိကြပါတယ်။ အဲဒီဆက်ဆံရေးဟာ တရုတ်အစိုးရရဲ့ လက်တွေ့ကျတဲ့ အကျိုးစီးပွား နိုင်ငံရေးအမြင်ကနေ တရုတ်လူမှုဘဝတွေအထိ ကူးစက်လာခြင်းလား၊ တရုတ်လူမျိုးတို့ရဲ့ စရိုက်လက္ခဏာလား မသိပါဘူး။ လူမှုဘဝနယ်ပယ်အတွင်း မေတ္တာတရား ပျောက်ဆုံးနေတဲ့ အကျိုးစီးပွားဆက်ဆံရေးဟာ သူတို့အတွက် ယဉ်ကျေးမှုအသွင် ထွန်းကားနေပေမဲ့ ဘေဂျင်းရောက် မြန်မာတွေတင်မက မြန်မာတရုတ်တွေတောင် ခံတွင်းမလိုက်တာ အမှန်ပါပဲ။
အဲဒီလို ဖယ်ကြဉ်ခံရမှုတွေ၊ ခံတွင်းမလိုက်တဲ့ ယဉ်ကျေးမှုတွေကြောင့် ကျောင်းပြီးရင် ဘေဂျင်းမှာ အခြေချနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ မြန်မာတရုတ်လူငယ်တချို့ရဲ့ အိပ်မက်က ကျောင်းရောက်ပြီး လပိုင်းအတွင်း အငွေ့ပြန်ကုန်တာ မဆန်းပါဘူး။
ဘေဂျင်း ဆိုတာက ဘေဂျင်းမှတ်ပုံတင် မရှိတဲ့ သူတို့ တရုတ်နိုင်ငံသား လူလတ်တန်းစားတွေတောင် အခြေချဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘေဂျင်းမှတ်ပုံတင် မရှိရင် ဘေဂျင်းမှာ နှစ်ရှည်ချေးငွေနဲ့ အိမ်ဝယ်ခွင့်မရှိ၊ အစိုးရဆေးရုံတွေမှာ ဆေးကုသခွင့် မရှိ၊ ကိုယ့်ရဲ့သားသမီးတွေကို အစိုးရကျောင်းတွေမှာ ထားခွင့်မရှိ။ ဆိုတော့ ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွားတယောက် ဘေဂျင်းမှာ အခြေချဖို့ဆိုတာ ဒီဘဝမှာ ဘယ်လိုမှမရောက်နိုင်တဲ့ ကမ္ဘာတခုလိုပါပဲ။
ပြီးတော့ သူတို့ တရုတ်နိုင်ငံသား ဆင်ဝှာတက္ကသိုလ်ဆင်းတယောက်တောင် ကျောင်းပြီးတာနဲ့ အလုပ်အကိုင်ကောင်းတခု ရဖို့မလွယ်ပါဘူး။ ဆင်ဝှာတက္ကသိုလ်ဟာ တရုတ်မှာ နာမည်သိပ်ကြီးပေမဲ့ အမေရိကန်ကျောင်းဆင်းတယောက်ကို ယှဉ်လို့မရပါဘူး။ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေမှာ ထိပ်တန်းလစာရသူတွေက အမေရိကန်ရဲ့ ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရပြီး ပြန်လာကြသူတွေပါ။ တရုတ်ကုမ္ပဏီတွေက အမေရိကန်ကျောင်းဆင်းတွေကို အလုအယက် ခေါ်လေ့ရှိပါတယ်။ စကားစပ်လို့ ထပ်ပြောရရင် ဘေဂျင်းမှာ အမေရိကန်ကျောင်းဆင်းတင် မကပါဘူး၊ အမေရိကန် ထုတ်မှန်သမျှလည်း ရေပန်းစားပါတယ်။ ဘေဂျင်းမြို့ လူလတ်တန်းစားတွေဟာ ဖုန်းဆိုရင် အိုင်ဖုန်းနဲ့ ဆမ်ဆောင်းကိုသာ ဂုဏ်ယူစွာ ကိုင်ကြပါတယ်။ တရုတ်ထုတ်ကားသာ စီးနိုင်သူက ဘေဂျင်းမှာ မျက်နှာငယ်ရပါတယ်။ အမေရိကန် အစားအစာတွေ ဖြစ်တဲ့ ဟမ်ဘာဂါဆိုင်နဲ့ ကြက်ကြော်ဆိုင်တိုင်း ရောင်းကောင်းတာချည်းပါပဲ။ ပြောရရင် ဘေဂျင်းသားတွေဟာ အမေရိကန်လုပ်ပစ္စည်းတွေကို အထင်တကြီး သုံးစွဲကြတာကြောင့် အမေရိကန်ကို ဆန့်ကျင်နေတဲ့ တရုတ်အစိုးရလက်အောက်က တရုတ်ပြည်သူတွေဟာ အမေရိကန်ကို ကျိတ်ကြွေနေကြသလားလို့ မေးခွန်းထုတ်ရပါမယ်။ ပြီးတော့ တရုတ်နိုင်ငံဟာ ချမ်းသာလာတာနဲ့အမျှ ဒီနေ့ခေတ် တရုတ်လူငယ်တွေကလည်း ဒီမိုကရေစီ ဆိုတာကိုလည်း အထင်တကြီး ရှိလာကြပါတယ်။
တရုတ်လူမျိုးတို့ရဲ့ သွေးသားဗီဇဟာ အလုပ်လုပ်ရတာကို ကြိုက်ပြီး ပိုက်ဆံချမ်းသာတာကိုလည်း သိပ်ကြိုက်ကြပါတယ်။ စစ်မီးလျှံကြီးရဲ့အောက် အငတ်ဘေးသင့်ခဲ့ကြတဲ့ သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေရဲ့ ဘဝကို မမေ့ကြသလို မော်စီတုန်းကာလများအထိ တရုတ်နှစ်သစ်ကူးပွဲတော်ကျမှ အသားစားနိုင်တဲ့ အဖြစ်ဆိုးကိုလည်း သိကြပါတယ်။ ဒီနေ့ခေတ် တရုတ်နိုင်ငံသားတွေဟာ သူတို့ရဲ့ချမ်းသာမှုကို ဖျက်ဆီးပစ်နိုင်တာ စစ်ပွဲဖြစ်ကြောင်းလည်း ကောင်းကောင်းသိကြပါတယ်။
တရုတ်ပြည်သူတွေရဲ့ သွေးသားထဲ ဒီနေ့ထိတိုင် ရှင်သန်နေဆဲဖြစ်တဲ့ ဂျပန် ဆန့်ကျင်ရေးအမြင်အရ ဂျပန်နဲ့သာ စစ်ဖြစ်ရင် တရုတ်ပြည်သူတွေရဲ့ ထောက်ခံမှု ရနိုင်ပေမဲ့ ထိုင်ဝမ်ကိုသာ ဝင်တိုက်ပြီး မြန်မြန်ဆန်ဆန် ပွဲမသိမ်းနိုင်ဘူးဆိုရင် တရုတ်ပြည်သူတွေက အဲဒီစစ်ပွဲအပေါ် ငြင်းဆန်ကြမှာ သိပ်သေချာပါတယ်။ ပြီးတော့ ထိုင်ဝမ်ကို ထိရင် အမေရိကန် ငြိမ်ခံမှာ မဟုတ်သလို အမေရိကန်နောက်မှာ နေတိုးရှိတာကိုလည်း တရုတ်ပြည်သူတွေ သိကြပါတယ်။
အမေရိကန်အပေါ် အထင်တကြီးရှိတဲ့ တရုတ်ပြည်သူ အများစုဟာ အမေရိကန်နဲ့ စစ်ဖြစ်ရမှာကို မလိုလားနိုင်သလို အမေရိကန်ကို နိုင်လိမ့်မယ်လို့လည်း မထင်ထားမှာ အသေအချာပါပဲ။
လင်းခေတ်