ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံအနီးရှိ အမှတ် ၉၈၁ စစ်ကောင်စီတပ်ဂိတ်ကို အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲမှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ထံက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ကို ဂုဏ်ပြုကြောင်းနဲ့ ပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီ မိစ္ဆာတပ်သားတွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့က အခုရက်ပိုင်းတွေမှာ ဧည့်စာရင်းအကြောင်းပြပြီး ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးမှုက ခပ်စိပ်စိပ်ဖြစ်လာတယ်။ နောက်ပြီး ငရဲခန်းသဖွယ် ဖြတ်သန်းခဲ့ရတဲ့ ဘုတလင်ဖြစ်စဥ်က ပြည်သူတွေနဲ့ ရဲဘော်တွေကိုယ်စား လက်တုံ့ပြန် တိုက်ခိုက်သွားမှာပါ။”
အဲဒီတိုက်ခိုက်မှုကိုတော့ Dark Shadow အဖွဲ့က တပ်ဖွဲ့ဝင်ရဲဘော်တွေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို နေ့စဉ်ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဒေါက်တိုင် ပစ်မှတ်တွေကို ဆက်လက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေ၊ စစ်သား၊ ရဲ၊ ပျူစောထီး၊ အရပ်ဝတ်စစ်သားတွေ စုဝေးရာနေရာတွေကို သွားလာတာမျိုးမပြုလုပ်ဘဲ ဝေးဝေးကရှောင်ရှား သွားလာနေထိုင်ပေးကြဖို့ Dark Shadow အဖွဲ့က မေတ္တာရပ်ခံထားတာပါ။