\
ရန်ကုန်၊ လှည်းကူးမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တို့ရှိ စစ်ကောင်စီတပ်နဲ့ ဆက်နွှယ်တဲ့နေရာ ၂ ခုမှာ ဇူလိုင် ၃၀ ရက် ညပိုင်းက ဗုံးပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီတော်လှန်တိုက်ခိုက်မှုကို မြို့ပြစစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ OPERATION FLAME (OF) က ပြုလုပ်ခဲ့တာပါ။
လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူးလမ်းမပေါ်ရှိ စစ်မှုထမ်းဟောင်းရုံးမှာ ည ၇ နာရီ ၁၀ မိနစ်လောက်က မိုင်းတလုံးနဲ့ ဖောက်ခွဲခဲ့သလို မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ အမှတ် ၃ လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ခလရ ၈၂ အစောင့်ဂိတ်ကင်းစခန်းကို ည ၇ နာရီ ၁၅ မိနစ်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးဟာ တပြိုင်နက် စစ်ကောင်စီရဲ့ ၃ နေရာကို မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ထားပေမဲ့ မိုင်းတလုံး စက်ချို့ယွင်းခဲ့လို့ မပေါက်ကွဲခဲ့ဘူးလို့ သိရပြီး တော်လှန်ရေး OF အဖွဲ့သားတွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
OPERATION FLAME (OF) ပြန်ကြားရေးတာဝန်ခံက “တလုံးစီပဲ သုံးခဲ့နိုင်ပါတယ်။ ဒီည ၃ နေရာလုပ်တာပါ။ တနေရာက ပစ္စည်းချို့ယွင်းမှုကြောင့် ပြန်ဆုတ်လာခဲ့ရပါတယ်။ နှစ်နေရာစလုံး ရန်သူထိခိုက်မှု ရှိပါတယ်။ မျက်မြင် သေမသေသာ မသိနိုင်သေးတာပါ” လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ရန်ကုန်မြို့ပြတော်လှန်ရေး မဟာမိတ်များအားလုံးနဲ့အတူ လက်တွဲပြီး အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်ကြောင်းကိုလည်း ပြည်သူကို အသိပေးထားကြပါတယ်။
OPERATION FLAME (OF) ပြန်ကြားရေးတာဝန်ခံက “ပြည်သူတွေကို သတင်းစကား ပါးချင်တာကတော့ ကျနော်တို့အနေနဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ‘၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂’ ကို အပြည့်အဝထောက်ခံပြီး ရန်ကုန်မြို့ပြ စစ်ဆင်ရေးတွေကိုလည်း လက်တွဲပူးပေါင်းပြီး ဟန်ချက်ညီ ဖော်ဆောင်သွားပါမယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် “ငါတို့အိမ်ပြန်လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ”၊ “ငါတို့အနာဂတ် ငါတို့ကိုယ်တိုင်ဆုံးဖြတ်မယ်”၊ “အရေးတော်ပုံ အောင်ကို အောင်ရမည်” လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။