တချိန်က အမေရိကန်ပြည်ထောင်စုမှာ တရားမဝင် အလုပ်လုပ်ဖူးခဲ့တဲ့ အီလွန်မတ်စ်ခ်က ရွှေ့ပြောင်းဆန့်ကျင်ရေး ပြောနေတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ဝေဖန်လိုက်ပါတယ်။ တောင်အာဖရိကမှာ မွေးတဲ့ မတ်စ်ခ်ကတော့ စွပ်စွဲချက်တွေကို ငြင်းလိုက်ပါတယ်။ သူဟာ ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်အတွက် ငွေအားရော၊ လူအားပါ သုံးပြီး မဲဆွယ်ပေးနေတာ ဖြစ်ပါတယ်။
သမ္မတဘိုင်ဒင်က “ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့လူက ဒီနိုင်ငံမှာ တရားမဝင် အလုပ်သမား ဖြစ်ခဲ့ဖူးတယ်တဲ့။ ကျုပ် အတည်ပြောနေတယ်။ ဒီလူက ကျောင်းသားဗီဇာနဲ့ လာပြီးတော့ ကျောင်းတက်ရမှာကို ကျောင်းမှာ မရှိခဲ့ဘူးလေ။ သူ ဥပဒေချိုးဖောက်ခဲ့တာ။ ပြီးတော့ကျတော့ ဒီတရားမဝင်တွေ ဝင်လာတယ် ဘာညာ ပြောနေတာ” လို့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ္စဘာ့ဂျ်မြို့မှာ လုပ်တဲ့ မဲဆွယ်ပွဲမှာ ပြောကြားခဲ့ပါတယ်။
မတ်စ်ခ်ဟာ ကျောင်းသားဗီဇာနဲ့ အမေရိကန်ကို ရောက်ရှိချိန်မှာ တရားမဝင် အလုပ်လုပ်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့တဲ့သတင်းကို ကိုးကားပြောခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီစာရွက်စာတမ်းတွေ၊ အရင်က စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟောင်းတွေ၊ တရားရုံး မှတ်တမ်းတွေကို ကိုးကားပြီး အတိအကျ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မတ်စ်ခ်ဟာ ၁၉၉၅ မှာ စတန်းဖို့ဒ်တက္ကသိုလ်မှာ ဘွဲ့လွန်တက်ဖို့ ကာလီဖိုးနီးယားပြည်နယ်ကို ရောက်လာခဲ့ပေမဲ့ ဘာအတန်းမှ မတက်ခဲ့ဘဲ သူ့ကုမ္ပဏီ စတင်ထူထောင်ဖို့ပဲ လုပ်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ထုတ်ခဲ့ပါတယ်။
မတ်စ်ခ်ကလည်း ဘိုင်ဒင်ရဲ့ မှတ်ချက်ကို သူပိုင်တဲ့ လူမှုကွန်ရက် X မှာ ချက်ချင်းရေးသား တုံ့ပြန်ခဲ့ပါတယ်။
“တကယ်တော့ ကျုပ်က အမေရိကန်မှာ အလုပ်လုပ်ဖို့ ခွင့်ပြုချက်ရထားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ဒင် ရုပ်သေးရုပ်က လိမ်နေတာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။
အဲဒီတုန်းက မတ်စ်ခ် ပူးတွဲထူထောင်ခဲ့ပြီး အခုမရှိတော့တဲ့ ကုမ္ပဏီ Zip2 မှာ ရင်းနှီးမြှုပ်နှံသူတွေက မတ်စ်ခ် အနေနဲ့ အလုပ်ဗီဇာ အမြန်ဆုံးယူဖို့ နောက်ဆုံးရက်ပါ သတ်မှတ်ပေးခဲ့တယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။
၂၀၀၅ တုန်းက မတ်စ်ခ်က တက်စလာ ပူးတွဲထူထောင်သူတွေကိုပို့တဲ့ အီးမေးလ်မှာလည်း သူ အမေရိကန်ကို ရောက်ခါစ Zip2 ကို စထောင်တုန်းက ခွင့်ပြုချက်တောင် မရှိခဲ့ဘူးလို့ ဝန်ခံဖူးကြောင်းပါ ဝါရှင်တန်ပို့စ်က ရေးသားထားပါတယ်။
Source-Reuters