မန္တလေးမြို့ပေါ်မှာ အောက်တိုဘာ ၂၆ ရက် မနေ့က ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးမှာ အရေးပေါ်အခြေအနေ ဖြစ်တဲ့အတွက် ပြည်သူအားလုံး တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
နွေဦးတော်လှန်ရေးစတင်ကတည်းက ပြည်သူတွေဆောင်ရွက်ခဲ့တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်သူတွေအားလုံးကို သပိတ်မှောက်ဖို့၊ စစ်ကောင်စီနဲ့ပတ်သက်သမျှကို ငြင်းပယ်တဲ့ ‘ဘူး’သပိတ်တွေမှာ ပြည်သူတွေ ပူးပေါင်း ပါဝင်ခြင်းအားဖြင့် စစ်ကောင်စီကို ထိုးနှက်နိုင်မယ်လို့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
“မြို့ပေါ်ပြည်သူ့လှုပ်ရှားမှုကနေ ပြည်သူကိုတင်ပြလိုတာကတော့ ပြည်သူတဦးတယောက်မကျန် တော်လှန်ရေးသမားတွေဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုသပိတ် လူထုလှုပ်ရှားမှုတွေ CDM လှုပ်ရှားမှုတွေ၊ ‘ဘူး’သပိတ်လှုပ်ရှားမှုတွေ၊ ဘဏ္ဏာရေးမျက်နှာစာ လှုပ်ရှားမှုတွေ အစရှိတဲ့ တော်လှန်ရေးမျက်နှာစာအသီးသီးမှာ ပြည်သူအားလုံး အစွမ်းကုန်ပါဝင်ဖို့လိုတယ်။ ဒီစစ်အာဏာရူးတွေကို ငုံ့မခံဘဲနဲ့ အစွမ်းကုန် ညီညာဖြဖြ တုံ့ပြန်ကြဖို့ လိုတယ်။ ကျနော်တို့ စစ်ရေးတိုက်ပွဲနဲ့အတူ လူထုတိုက်ပွဲကို ဟန်ချက်ညီညီပေါင်းစပ်ပြီးတော့ တက်စုံဖွင့် ရွက်ကုန်လွှင့်ပြီးတော့ တော်လှန်ခရီးကြမ်းကိုဆက်လက်ချီတက်ကြဖို့လိုတယ်ဆိုတာကို ဒီကနေ အလေးအနက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျ”
စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်ကာလအတွင်းမှာ စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်ခေါင်းဆောင်တွေနဲ့ လူငယ်တွေကို အကြမ်းဖက်ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်ချတာ၊ စစ်ကြောရေးမှာနှိပ်စက်တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့ အကျဉ်းထောင်တွင်း အကြမ်းဖက်မှုတွေကြောင့် လူငယ်တချို့အသက်ဆုံးရှုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေလည်း ရှိခဲ့ပါတယ်။
မုံရွာသပိတ်ဦးဆောင်ကော်မတီက ကိုခန့်ဝေဖြိုးက “ကျနော်တို့ကိုယ်တိုင်အပါအဝင် ကိုတေဇာတို့ရော ရန်ကုန်ကလူငယ်တွေရော ဘာဖြစ်လို့ စစ်ကောင်စီယန္တရားတွေရှိတဲ့ကြားထဲက စွန့်စွန့်စားစားနဲ့၊ အဖမ်းခံရတယ်ဆိုရင်လည်း စစ်ကြောရေးမှာ အသက်အန္တရာယ်အထိဆုံးပါးသွားနိုင်တယ်ပေါ့နော်။ နှိပ်စက်ခံရတာတွေ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတာတွေ ဒါတွေဖြစ်လာနိုင်တာသိသိကြီးနဲ့ ကျနော်တို့ ဘာလို့လုပ်နေလဲဆိုရင် လူထုတိုက်ပွဲရဲ့အရေးပါပုံ အရေးကြီးပုံ ဒီကနေ့တော်လှန်ရေးလိုအပ်ချက်အရ ပြည်သူလူထုကိုယ်တိုင် လူထုတိုက်ပွဲကို ကိုယ့်ရဲ့အခန်းကဏ္ဏကို ယုံယုံကြည်ကြည်နဲ့ မြို့ပြတွေမှာ ဆင်နွှဲနိုင်မယ်ဆိုရင် ဒီစစ်အာဏာရှင်စနစ်ပြိုကျဖို့က ပိုပြီးနီးစပ်မှာလို့ ကျနော်တို့ယုံတဲ့အတွက် အခုလို လူထုတိုက်ပွဲတွေလုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ဖိအားပေးဖို့ အာဏာဖီဆန်ရေး ‘ဘူး’သပိတ်လှုပ်ရှားမှုတွေမှာ အရင်လို အရှိန်မြှင့်ပြီးပါဝင်ကြဖို့အတွက် တကယ့်ကို လေးလေးနက်နက်နဲ့ တိုက်တွန်းချင်ပါတယ်ဗျ” လို့ ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေးစတင်ကတည်းကနေ လက်ရှိအချိန်အထိ လူငယ်တွေဟာ လက်နက်ကိုင်နည်းလမ်းအပြင် အကြမ်းမဖက်သပိတ်လှုပ်ရှားမှုတွေကိုလည်း ဆက်လက် ဆောင်ရွက်နေကြတာပါ။
ရန်ကုန်၊ မန္တလေး၊ မုံရွာတို့လိုမြို့ကြီးတွေမှာ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေ မြို့ပြသပိတ်ကို ဆက်လက်ဖော်ဆောင်နေကြတာဖြစ်ပြီး နိုင်ငံတကာက မြန်မာ့အရေးကို အာရုံပိုစိုက်လာဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ မှတ်ယူထားတဲ့အတွက် အခက်အခဲကြားကနေ အခုလို မြို့ပြသပိတ်တွေကို ဖော်ဆောင်နေကြတာ ဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။