Home
နိုင်ငံတကာ
ပေါ်တူဂီတွင် ရဲအကြမ်းဖက်မှုကို ဆန့်ကျင်ပြီး လူထောင်ပေါင်းများစွာ ဆန္ဒပြ
DVB
·
October 27, 2024
Photo - REUTERS/Pedro Nunes

ကိပ်-ဗာဒီနွယ်ဖွား ပေါ်တူဂီနိုင်ငံသားတယောက်ကို ရဲအရာရှိတယောက်က ပစ်သတ်ခဲ့ပြီးတဲ့နောက် ပေါ်တူဂီနိုင်ငံမှာ မငြိမ်မသက်ဖြစ်ခဲ့ပြီး လစ်စဘွန်းမြို့လယ်က အဓိကလမ်းပေါ်မှာ လူထောင်ပေါင်းများစွာဟာ အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

အာမာဒိုရာ ဆင်ခြေဖုံးရပ်ကွက်မှာ အသက် ၄၃ နှစ်အရွယ် စားဖိုမှူး အိုဒါယီ မိုနိစ် ကို တနင်္လာနေ့က ပစ်ခတ်မှုကြောင့် ဆူပူအုံကြွခဲ့ပြီးကတည်းက ဆင်ခြေဖုံးတွေမှာ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားခဲ့ပါတယ်။ 

‘တရားမျှတမှု’ လို့ကြွေးကြော်ရင်း ဆန္ဒပြသူတွေက ‘ကျွန်ုပ်တို့ကို သတ်တာ ရပ်ပါ၊ တရားမျှတမှုအတွက်၊ အိုဒါယီ’ စတဲ့ ဆောင်ပုဒ်တွေကို ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်။

အောက်တိုဘာ ၂၅ ရက်ညကလည်း ဆူပူလှုံ့ဆော်သူ အုပ်စုငယ်တွေက ကား ၁၃ စီးနဲ့ အမှိုက်ပုံးတွေကို မီးတင်ရှို့ ခဲ့တယ်လို့ မြို့တော်ရဲမှူး လူဝီစ် အီးလီးယက်စ်က စနေနေ့မှာ ပြောခဲ့ပြီး အကြမ်းဖက်မှု အလုံးစုံ လျော့ကျသွားပြီလို့လည်း ပြောပါတယ်။

လူမျိုးရေးခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီက ပေါ်တူဂီနိုင်ငံမှာ အထူးသဖြင့် ‘အာဖရိကနွယ်ဖွားတွေကို ရဲတပ်ဖွဲ့က အလွန်အကျွံအင်အားသုံးခြင်း’ ဆိုတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။

ပေါ်တူဂီဟာ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး ဆွစ်ဇာလန်နဲ့ ဒိန်းမတ်ကြား အဆင့် ၇ နေရာမှာ ရှိတယ်လို့ နိုင်ငံပေါင်း ၁၆၃ နိုင်ငံကို အကဲဖြတ်တဲ့ ၂၀၂၄ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး ညွှန်းကိန်းက ဆိုပါတယ်။

ဒါပေမဲ့ နောက်ဆုံးရ အမျိုးသားလုံခြုံရေးအစီရင်ခံစာအရ အကြမ်းဖက်ရာဇ၀တ်မှုတွေဟာ မနှစ်က ၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကထက် ၁၄,၀၂၂ မှုအထိ မြင့်တက်ခဲ့ပြီး အဲဒီထဲက သုံးပုံတပုံဟာ လစ်စဘွန်းမြို့မှာ ဖြစ်ခဲ့တာလို့ အစီရင်ခံစာက ဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013