အာဆင်နယ်ယူ-၁၈ နည်းပြ ဂျက်ဝဲလ်ရှိုင်းယားဟာ ချန်ပီယံရှစ်ကလပ် နောဝှစ်ချ်အသင်း နည်းပြချုပ် ဖြစ်လာခဲ့ပြီးနောက် အသင်းပရိသတ်တွေကို နှုတ်ဆက်စာ ရေးသားခဲ့ပါတယ်။
အသက် ၃၂ နှစ်ပဲ ရှိသေးတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းဟာ အာဆင်နယ် ယူ-၁၈ အသင်းမှာ ၂ နှစ်ခွဲကြာ တာဝန်ယူခဲ့ပြီးနောက် နောဝှစ်ချ်အသင်းကြီးရဲ့ ကမ်းလှမ်းမှု ရရှိခဲ့တာကြောင့် အသင်းပြောင်းဖို့ ဖြစ်လာခဲ့တာပါ။
အသင်းကြီးတသင်းမှာ နည်းပြရမယ့် အခွင့်အရေးကို လက်မလွှတ်ချင်တာကြောင့် အာဆင်နယ်က ထွက်ခွာတာဖြစ်ပြီး အာဆင်နယ်လူငယ်နည်းပြဘဝဟာ ဂုဏ်ယူစရာ ကောင်းကြောင်းနဲ့ ဝန်းရံပေးကြတဲ့ အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း ဝဲလ်ရှိုင်းယားရဲ့စာမှာ ထည့်သွင်းရေးသားထားပါတယ်။
အာဆင်နယ် လူငယ်အသင်းရဲ့ အနာဂတ်နဲ့ အသင်းကြီးရဲ့ အနာဂတ်ဟာ စိတ်လှုပ်ရှားစရာ ဖြစ်လာမှာဖြစ်ပြီး လူငယ်ကစားသမားတွေအနေနဲ့ ခြေစွမ်း ဆက်လက် တိုးတက်လာဦးမယ်လို့ ဝဲလ်ရှိုင်းယားက ပြောသွားပါတယ်။