ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-ကလောလမ်း တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုရုံးနံဘေး မယ်ခိုတောင်အတက်လမ်းမှာ သားအမိနှစ်ဦး ဓားပြတိုက်ခံရပြီး မိခင်ဖြစ်သူကို ဓားပြက သတ်သွားခဲ့တယ် ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက် မနက် ၉ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားပြတိုက်ခံရသူမှာ အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်နေ မနီတို့သားအမိဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “တောင်အတက်လမ်းမှာ သူတို့ သားအမိ နားနေတုန်း အမျိုးသား ၂ ဦး ရောက်လာပြီး (ကျောက်ခဲ) ထည့်ထားသော လွယ်အိတ်နဲ့ မနီရဲ့ ခေါင်းကို ရိုက်နှက်တယ်။ မိခင်က လဲကျသွားပြီး သားဖြစ်သူအကူအညီတောင်းခံဖို့ မိန်းလမ်းမှာ ဆင်းပြေးပြီး ပြန်လာတော့ မနီက လဲကျနေပြီး ပါလာတဲ့ ဆိုင်ကယ်၊ ဆွဲကြိုး၊ လက်စွပ်တွေကို ဓားပြတွေက အကုန်ယူသွားတယ်” လို့ ပြောပါတယ်။
အရိုက်ခံရတဲ့ မိခင်ဖြစ်သူမှာ ဒဏ်ရာအခြေနေဆိုးရွားတာကြောင့် အောင်ပန်းဆေးရုံကနေ တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမဲ့ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခု ဒီဇင်ဘာ ၂၇ ရက်ညမှာလည်း ရှမ်းတောင်ပင်လုံမြို့ရှိ ဦးတင်ထွဋ် ဖုန်းဆိုင်ကို အမည်မသိ လက်နက်ကိုင်လူတစုရောက်လာပြီး ဓားပြတိုက်ကာ ဆိုင်ရှင် ၂ ယောက်နဲ့ ဝန်ထမ်းအပါအဝင် ၄ ဦးအား သတ်ဖြတ်မှု ဖြစ်ခဲ့ပါသေးတယ်။
ရှမ်းတောင်မှာ အခုလို လုယက်မှု၊ ဓားပြတိုက်မှု များစွာ ဖြစ်ပွားနေပြီး ဖြစ်ပွားတိုင်းလည်း ရဲ၊ စစ်တပ်၊ တာဝန်ရှိသူ လက်နက်ကိုင်အဖွဲ့တွေက အရေးတယူ ဆောင်ရွက်ပေးတာမရှိသလို အမှုမှန်လည်း မပေါ်ပေါက်ဖူးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။