မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က မြို့ခံတွေရဲ့ နေအိမ်တွေကို မျက်နှာဖုံးစွပ်ထားတဲ့လူတစုက ၀င်ရောက်ပြီး ဓားပြတိုက်လုယက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့ခံတယောက်က “ညပိုင်းတွေမှာ အိမ်တွေထဲ၀င်ပြီး ဓားပြတိုက်သလိုလို အနုကြမ်းစီးသလိုလို အလုပ်ခံနေတာတွေများနေတယ်။ ၀င်တိုက်တဲ့သူတွေက မျက်နှာဖုံးစွပ်ထားတဲ့ လူငယ်ပိုင်းအရွယ် တွေ သေနတ်တွေလည်းပါတယ်။ ကျနော်တို့မြို့ခံတွေကတော့ စစ်တပ်က ခိုင်းထားတဲ့ ပျူစောထီးတွေလို့ ခန့်မှန်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပေါ်မှာ သူတို့တွေပဲ ကြီးစိုးနေကြတာ။ ကျနော်တို့လည်း ညညဆိုကြောက်နေရတယ်။ ခေါင်းပြားအောင် မအိပ်ရတဲ့ ညတွေ များနေပြီ။ ကျနော်တို့မြို့က တချို့အဆင်ပြေတဲ့သူတွေဆိုရင် တခြားနေရာတွေကို ပြောင်းကုန်ကြပြီ” လို့ DVB ကို ပြောပါတယ်။
အောက်တိုဘာ ၅ ရက် မနက်စောပိုင်းမှာ ရေစကြိုမြို့ပေါ် အမှတ် ၈၊ စိတ္တသုခ တောင်ပိုင်းရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန်းအေးရဲ့ နေအိမ်ကို မျက်နှာဖုံးစွပ်လူတစုက ၀င်ရောက်ပြီး ဓားပြတိုက်အနုကြမ်းစီးသွားတဲ့အတွက် ကျပ်သိန်း ၃၀၀ ဖိုးနီးပါး ရွှေထည်နဲ့ ငွေသားတွေ ပါသွားတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
မြို့ခံတယောက်က “အဲ့ဒါတင် ဘယ်ကမလဲ။ အဲ့ဒီနေ့နေ့လယ်ပိုင်းကလည်း အမှတ် ၁ ရပ်ကွက်၊ ထင်းတန်းလမ်းက လူမနေတဲ့ အိမ် ၅ ထဲကို ၀င်သွားပြီး ပစ္စည်းတွေသယ်သွားတယ်။ အိမ် ၂ လုံးကို မီးရှို့သွားတယ်။ အိမ်တွေထဲကို ၀င်တဲ့သူတွေက မျက်နှာဖုံးတွေစွပ်ပြီးတော့ အယောက် ၂၀ နီးပါးလောက်ရှိတယ်။ နောက်ထပ်လည်း အဲဒီလို ဖြစ်စဥ်တွေရှိသေးတယ်။ လူတွေက ကြောက်လို့ မပြောရဲကြတာ” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB က ရေစကြိုမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခွင့်မရှိပါဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း ရေစကြိုမြို့ပေါ် အမှတ် ၇ ရပ်ကွက်မှာနေထိုင်ကြတဲ့ ပညာရေး အငြိမ်းစားကျောင်းဆရာနဲ့ဆရာမ ဇနီးမောင်နှံတို့ဟာ နေအိမ်အတွင်းအသတ်ခံခဲ့ရကာ အဖိုးတန် လက်၀တ်ရတနာတချို့လည်း ပျောက်ဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့အနေနဲ့ အခုချိန်အထိ တရားခံ ဖော်ထုတ်နိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။