Home
မြန်မာသတင်း
စစ်ဌာနချုပ်ရှိရာမုံရွာတွင် အမျိုးသမီး ၂ ဦးပါဓားပြအဖွဲ့က နေ့ခင်းဘက် ဓားပြတိုက်
DVB
·
September 28, 2024
နဝရတ် စိန် ပလက်တီနမ် ရတနာဆိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက ရွှေဆိုင်ပိုင်ရှင်အိမ် ဓားပြတိုက်ခံရပြီး စိန်နဲ့ရွှေထည်ပစ္စည်း အများအပြားပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်းသွယ် ၁ က နဝရတ်ရွှေဆိုင်နဲ့ တွဲလျက်ရှိတဲ့ ပိုင်ရှင်ဒေါ်ဝင်းခိုင်ရဲ့ နေအိမ်ကို လူငယ်အမျိုးသမီး ၂ ယောက် အပါအဝင် လူ ၅ ယောက် က စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီမှာ ဆိုင်ကယ်နဲ့ရောက်လာပြီး နေအိမ်ထဲဝင် ဓားပြတိုက်ခဲ့တာလို့ ရပ်ကွက်အတွင်းနေထိုင်သူတယောက်က ပြောပါတယ်။

“အရင်ကလည်း အဲဒီအိမ်မှာ လူတွေအဝင်အထွက်လုပ်နေကြတာပဲ။ အဲဒီနေ့က အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၃ ယောက် ဆိုင်ကယ်နဲ့ဝင်လာပြီး အနုကြမ်းဝင်စီး သွားတာလို့ ကြားလိုက်တယ်။ စိန်ထည်နဲ့ရွှေထည်အားလုံးပေါင်း သိန်း ၁ သောင်းကျော်လောက် ပါသွားတယ်” လို့ပြောပါတယ်။

ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး ရွှေဆိုင်နဲ့နီးစပ်သူတဦးက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖုန်း ၅ လုံး၊ လက်ပ်တော့ ၁ လုံး၊ စိန်၊ ရွှေ၊ ပလက်တီနမ်အတွင်းပစ္စည်းအားလုံး ယူဆောင်သွားတယ်လို့ ရေးသားထားပြီး ဓားပြတိုက်ခံရမှုဖြစ်စဉ် CCTV မှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

လူမှုကွန်ယက်မှာပျံ့နှံ့လာတဲ့ ဓားပြတိုက်ခံရမှု CCTV မှတ်တမ်းအရ အမျိုးသမီး ၂ ယောက်ဟာ နေအိမ်တွင်း စတင်ဝင်ရောက်လာပြီးနောက် လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက် ထပ်မံဝင်ရောက်လာပြီး ပစ္စည်းတွေကို သိမ်းယူနေတာကို တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ပေါ်မှာ ဓားပြမှု၊ ပြန်ပေးမှု၊ လုယက်မှု၊ လမ်းမပေါ် လုယက်အဓမ္မပြုကျင့်မှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူနိုင်မှုမရှိသလောက်ဖြစ်နေကြောင်း မြို့ခံတွေအကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့ကလည်း မုံရွာမြို့၊ သလ္လာရပ်ကွက်၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံမှာ ပရီမီယာကော်ဖီ ကုမ္ပဏီကား ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၇၀ ကျော် ဆုံးရှုံးသွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024