ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ရှော့တိုက်ဒုံးတွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) လုံခြုံရေးတိုးမြှင့်နေပြီး ပျူစောထီးအင်အားတွေ ထပ်တိုးချထားတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
(မုံရွာ-နမခ) ကို PDF တွေက ဩဂုတ်လကုန်ပိုင်းမှာ လက်လုပ်ရော့ကတ်တွေနဲ့ပစ်ခတ်ခဲ့သလို စက်တင်ဘာ ၁၁ ရက်မှာ လည်း ၁၀၇ မမ လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲ့ဒီမတိုင်ခင်မှာလည်း မုံရွာ-နမခကို PDF တွေက အကြိမ်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း ချင်း ၊ စစ်ကိုင်း၊ မကွေးကို ထိန်းချုပ်ထားတဲ့ ဗဟိုဌာနဖြစ်တာကြောင့် အလွယ်တကူလက်လွှတ်မယ့် အနေအထားမရှိဘူးလို့ ဒေသတွင်း PDF တွေက ပြောပါတယ်။
နမခ ဟာ ကုန်လမ်းခရီးအတွက် မုံရွာ-ရေဦးကားလမ်းမ၊ ရေကြောင်းအတွက် ချင်းတွင်းမြစ်တို့ကိုအသုံးပြုနိုင်အောင် နေရာရွေးချယ်အခြေစိုက်ထားပြီး မုံရွာလေဆိပ်နဲ့လည်း ကပ်လျှက်တည်ရှိနေတာပါ။
ဧရိယာ ဇုန်သတ်မှတ်ချက်အရ နမခလက်အောက်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့ကိုအဓိကလွှမ်းခြုံထားတာဖြစ်ပြီး စစ်ကိုင်း၊ ကချင်နယ်စပ်ဒေသတွေအထိ စစ်ရေးဆောင်ရွက်မှုတွေပြုလုပ်နိုင်အောင် ဗျူဟာပြင်ထားတာကိုတွေ့ရပါတယ်။
စစ်ကိုင်းနယ်ခံPDFခေါင်းဆောင်တယောက်က "ရတနာနယ်မြေတွေရော ကြေးနီဝမ်ပေါင် ကုမ္ပဏီဘက်တွေရော ကာကွယ်ရင်းနဲ့ သူတို့သုံးဖို့အတွက်ရာလုပ်နေကြတာဆိုတော့ သူတို့အတွက်တော်တော်အရေးပါပါတယ်။ သူတို့အတွက် ဝင်ငွေရပေါက်ရလမ်းဆိုတော့ အဲဒီဟာတွေနဲ့ပဲ လက်နက်ဝယ် အဲ့ဒီလိုအနေအထားပါပဲဗျ။ သူတို့က ဘယ်အထိရောက် သလဲဆိုရင် နောက်ကျောမှာ ချင်းတောင်တန်းဘက်အထိ၊ ဒီဘက်မှာဆိုရင်လည်း ကချင်ပြည်နယ်ဘက်တွေအထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထိန်းကွပ်ထားတာဗျ။ အခုလောလောဆယ်ကတော့ သူတို့နမခထဲမှာရှိတာတော့ အင်အားအနည်းဆုံး ၃၀၀ လောက်တော့ရှိနိုင်တယ်ဗျ။ သူတို့ မြို့နယ်ပေါင်းတော်တော်များများမှာ ရှိတဲ့အင်အားတို့ လက်နက်ခဲယမ်းတို့ ဖြန့်ကျက်ပြီးတော့ အကုန်ပို့နေတယ်ဗျ။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းထုလိုက်၊ ဘုတလင်ဘက်ခြမ်း ထုလိုက်၊ နမခအရှေ့မြောက်ဖက်ခြမ်းလှမ်းထုလိုက်၊ အဲ့ဒီဟာအပြင်ကိုမှ UAB Scout ဒရုန်းတွေနဲ့ ကင်းထောက်ဒရုန်းတွေကလည်း အမြဲတမ်းညတိုင်းလိုလို အခုတလောလွှတ်နေပါတယ်ဗျ။ လောလောဆယ်ထောက်ပို့ MI 17 ၃စီးရှိတယ်၊ 35 တစီးရှိတယ်၊ မိတ္ထီလာဘက်ကနေတို့ ၁၀၁ ဘက်ကတို့ ကွင်းကြီးတွေဘက်ကနေ ပြန်ပြန်ဆင်းလာတာ နမခမှာ အဆင်းအတက်လုပ်ကြတာဆိုတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကတော့ တိတိကျကျပြောလို့မရဘူးဗျ”လို့ ပြောပါတယ်။
နမခလက်အောက်မှာ အိန္ဒိယနယ်စပ်ကို ကာဖို့အတွက် စစ်ကိုင်း-ချင်းနယ်စပ် ကလေးမြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ထားရှိပြီး နာဂတောင်တန်းတည်ရှိရာ ခန္တီးမြို့မှာ စစ်ဗျူဟာတခု၊ ချင်းပြည်နယ်မြောက်ပိုင်းဟားခါးမှာ စစ်ဗျူဟာတခုနဲ့ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွေမှာ စစ်ဗျူဟာတခုစီ ခွဲခြားထားခဲ့တာပါ။
နမခလက်အောက်မှာ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်၊ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စတဲ့ စစ်ဆင်ရေးဆိုင်ရာ ဌာနချုပ်တွေကို အင်အားအပြည့်ထည့်သွင်းဖွဲ့စည်းထား ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက "ကလေး-တမူး အိန္ဒိယနယ်စပ်ကိုထိန်းဖို့ ပေါ့ဗျာ၊ CNF တို့ဘာတို့ရှိတဲ့ ချင်းတိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ သီးခြား ဆိုင်ထားဖို့ဖြစ်တယ်။ နောက်တခုက ဒီဘက် KIA နဲ့ထိစပ်နေတဲ့ ကလေးဝဘက်ကို ထိန်းဖို့ပေါ့နော်၊ အဲ့ဒီလိုမျိုးသီးခြားခွဲထုတ်ထားတယ်လို့ ကျနော်နားလည်ပါတယ်။ အဓိက ကတော့ဗျာ အလယ်ပိုင်းစစ်ဌာနချုပ်ရဲ့အနားသတ်တွေနဲ့ တိုက်ပွဲဖြစ်နိုင်တဲ့နေရာတွေမထိအောင် ကန့်လိုက်တဲ့သဘောပေါ့ဗျာ။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ထိစပ်ဧရိယာမှာ တိုက်ရိုက်တိုက်ပွဲဖြစ်နိုင်တဲ့နေရာမရှိတော့ဘူးပေါ့ဗျာ။ သူက နမခ ခွဲထုတ်လိုက်တယ်။ ပြီးရင် ရမခ ခွဲထုတ်လိုက်တယ်၊ နောက်တခါ မြောက်ပိုင်းတိုင်းသက်သက်ထားလိုက်တယ်ဆိုတာမျိုး ကျနော် အဲ့ဒီလိုနားလည်ပါတယ်။ စစ်ဆင်ရေးဌာနချုပ် ၃ ခုလုံးရှိတယ်ပေါ့နော်။ တပ်မ ၃၃ ရှိတယ်၊ ကလေး ဒကစ ရှိတယ်။ နောက်တခါ စစ်တိုင်းရှိတယ်ပေါ့ဗျာ။ တည့်တည့်ပြောရရင်တော့ ခြေလျင်တပ်ရင်း ၃၀ လောက်အနိမ့်ဆုံးရှိနေတာပေါ့နော်။ သူတို့ရဲ့အရေးပါတယ်လို့စဉ်းစားတဲ့အထဲမှာပါတယ်လို့တော့ ကျနော် နားလည်ပါတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ နမခကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာခံနေရပေမဲ့ စစ်ကောင်စီက သူတို့တပ်သားအင်အားတွေကိုအရင်လိုထုတ်မသုံးတော့ဘဲ ဒရုန်းနဲ့ကင်းပြန်ထောက်တာ၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်တာမျိုးပဲလုပ်တော့တယ်လို့ စစ်ကိုင်းနယ်ခံ PDF တွေကပြောပါတယ်။
စစ်ကောင်စီက ခံစစ်အသွင်ကိုပြောင်းနေတာဖြစ်ပြီး မုံရွာမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်တာ၊ စစ်မှုထမ်းဥပဒေနဲ့တပ်သားသစ်စုဆောင်းဖို့ကြိုးစားတာ၊ ပျူစောထီးအင်အားတွေထပ် တိုးအသုံးပြုတာတွေလည်း လုပ်နေပါတယ်။
စစ်ကိုင်းနယ်ခံ PDF တပ်ဖွဲ့ဝင်တယောက်က "ဒီဘက်မှာက သူတို့က ဒရုန်းကိုအများဆုံးသုံးလာတာဆိုတော့ ဒရုန်းတွေနဲ့ ပြန်လိုက်ကြည့်တာတွေတော့ရှိတယ်။ ပစ်ကွင်းနေရာတွေကိုသူတို့ပြန်လိုက်ရှာတဲ့ပုံစံမျိုးတော့ရှိတယ်။ ခံစစ်ပုံစံမျိုးဆိုတော့ သူတို့လူကို နဂိုလိုစစ်ကြောင်းကြီးထိုးပြီးလိုက်ဖြန့်တာမျိုးမဟုတ်ဘဲနဲ့ ကင်းထောက်ဒရုန်းအရင်လွှတ်တယ်၊ ပြီးလို့ရှိရင်နောက်ကနေ ဒရုန်းဗုံးသီးလိုက်ချတယ်”လို့ ပြောပါတယ်။
နမခဧရိယာထဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ နာဂလက်နက်ကိုင်အဖွဲ့တွေ၊ ချင်းလက်နက်ကိုင်အဖွဲ့တွေ၊ ရှမ်းနီလက်နက်ကိုင်အဖွဲ့တွေ စသဖြင့် လက်နက်ကိုင်အစုအဖွဲ့အများအပြားရှိနေတာဖြစ်တဲ့အတွက် မြန်မာစစ်တပ်က ဒေသကို ဗျူဟာတကျကိုင်တွယ်ဖို့ တွက်ချက်ထားတာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကာလမှာတော့ ချင်းပြည်နယ်ထဲက မတူပီစစ်ဗျူဟာကိုလက်လွှတ်ထားရပြီး ကျန်တဲ့စစ်ဗျူဟာတွေကိုလည်း စစ်ကောင်စီက မြေပြင်ကနေထောက်ပို့နိုင်ဖို့ခက်ခဲတဲ့ အခြေအနေကိုကြုံနေရတာပါ။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းနဲ့ မကွေးတိုင်းမြို့နယ်အသီးသီးမှာလည်း မြေပြင်စစ်ရေး အသာစီးမယူနိုင်တော့တဲ့အတွက် လေကြောင်း တိုက်ခိုက်တာ၊ လေကြောင်းကနေ ထောက်ပို့တာတွေ လုပ်နေရပါတယ်။
သုတချမ်းသာ