Home
မြန်မာသတင်း
ချစ်သူမိန်းကလေးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
DVB
·
October 24, 2024

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သခွတ္တောကျေးရွာမှ အမျိုးသမီးတယောက်အား သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် ရွှေဘိုခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁ ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ NUG က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၄ ခု ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲလောက်က သမီးရည်းစားချင်း စကားများကြရာကနေ ရဲဘော် ပြည့်ထွန်းနိုင်က သေနတ်နဲ့ တချက်တည်း ပစ်သတ်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအမှုကို စစ်ဆေးကြားနာဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄) နဲ့ အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခု အောက်တိုဘာ ၁၁ ရက်နေ့မှာ အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး တရားခံ ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့တဲ့အတွက် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံစေဖို့နဲ့ စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် - ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက “၂၀၂၄ ခု ဖေဖော်ဝါရီလမှာပဲ ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထိန်းသိမ်းတာ လုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ အကျဉ်းစစ်တရားရုံးကိုဖွဲ့စည်းပြီး စိစစ်စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ကျူးလွန်သူရဲဘော်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းရှိပြီး ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေဖို့ ရည်ရွယ်တည်ဆောက်ထားကြောင်း၊ လိုအပ်တဲ့ ထိန်းကျောင်းမှုတွေ၊ အပြစ်ပေးအရေးယူမှုတွေကိုလည်း အဆင်ဆင့် ဆောင်ရွက်နေသလို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ ဖမ်းမိတဲ့ သုံ့ပန်းတွေကိုလည်း ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုအလိုက် မှတ်တမ်းတင်ပြီး အပြစ်ပေးနိုင်ဖို့ စနစ်တကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013