စင်ကာပူတရားရုံးက အစိုးရဝန်ကြီးဟောင်း အက်စ်အစ္စဝါရန်ကို တရားမျှတမှုကို နှောင့်ယှက်မှု၊ ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို လက်ခံရယူမှုနဲ့ အောက်တိုဘာ ၃ ရက်က ထောင်ဒဏ် ၁၂ လ ချမှတ်လိုက်ပါတယ်။
စီရင်ချက်ချမှုအတွက် စင်ကာပူတရားရုံးချုပ်ကို ရောက်ရှိချိန်မှာ သူ့ကို မီဒီယာတွေက ဝိုင်းရံထားကြပြီး ပို့ဆောင်ရေးဝန်ကြီးဟောင်း အက်စ် အစ္စဝါရန်ဟာ သူ ရာထူးတာဝန် ထမ်းဆောင်ချိန်အတွင်း မသင့်လျော်တဲ့ တံစိုးလက်ဆောင် လက်ခံမှု ၄ ကြိမ်နဲ့ တရားမျှတမှုကို အနှောင့်အယှက်ပြုမှု ၁ ကြိမ်တို့အတွက် အပြစ်ရှိကြောင်း စက်တင်ဘာ ၂၄ ရက်မှာ စတင်ခဲ့တဲ့ ရုံးတင်စစ်ဆေးမှုအတွင်း ဝန်ခံခဲ့တာဖြစ်ပါတယ်။
အသက် ၆၂ နှစ်ရှိ အစ္စဝါရန်ဟာ အစိုးရအဖွဲ့ကနေ နုတ်ထွက်ချိန်မှာ အဲဒီစွပ်စွဲချက်တွေကို အရင်က ပယ်ချထားခဲ့တာပါ။
အစ္စဝါရန်ဟာ ၂၀၀၆ ခုနှစ်က ကက်ဘိနက်အဖွဲ့မှာ ပါဝင်ခဲ့သူဖြစ်ပြီး တရားရုံးမှာ ပထမဆုံး ရုံးတင်စစ်ဆေးခံရတဲ့ စင်ကာပူဝန်ကြီးလည်း ဖြစ်ပါတယ်။
မနှစ် ဇူလိုင်လမှာ အစ္စဝါရန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုယ်ရေးအကျိုးစီးပွားအတွက် အိမ်ခြံမြေသူဌေးကြီး အွန်းဘန်းဆန်း ဆီက ဒေါ်လာထောင်ပေါင်းများစွာ တန်ကြေးရှိတဲ့ လာဘ်လာဘတွေကို လက်ခံခဲ့ကြောင်း စွပ်စွဲခံခဲ့ရတာပါ။
အာရှ ဘဏ္ဍာရေးအချက်အချာ စင်ကာပူနိုင်ငံဟာ နိုင်ငံတော်အရာရှိတယောက် ပါဝင်နေတဲ့ ရှားရှားပါးပါး အကျင့်ပျက်ခြစားမှုကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လစာကောင်းပြီး ထိရောက်တဲ့ ဗျူရိုကရေစီစနစ်နဲ့ ခိုင်မာတဲ့အုပ်ချုပ်မှု ရှိခြင်းအပေါ် ဂုဏ်ယူနေတဲ့နိုင်ငံမှာ ထိတ်လန့်စရာ ဖြစ်ခဲ့ပါတယ်။
Source-Reuters