Home
နိုင်ငံတကာ
စင်ကာပူ သယ်ယူပို့ဆောင်ရေးဝန်ကြီးဟောင်း အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ
DVB
·
September 25, 2024
photo-Reuters

စင်ကာပူနိုင်ငံမှာ နိုင်ငံအဆင့် အစိုးရအရာရှိကြီး တယောက် ပါဝင်နေတဲ့ ရှားရှားပါးပါး အဂတိလိုက်စားမှု တရားစီရင်ရေးမှာ စင်ကာပူတရားရုံးချုပ်ဟာ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟောင်း အက်စ်အစ္စဝါရန်ကို စက်တင်ဘာ ၂၄ ရက်က စွဲချက် ၅ ခုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အသက် ၆၂ နှစ်ရှိ အစ္စဝါရန်ဟာ ရာထူးထမ်းဆောင်နေချိန်တုန်းက တံစိုးလက်ဆောင်တွေ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အကျင့်ပျက်ခြစားမှု ၂ ခု အပါအဝင် ရာဇဝတ်မှု ၃၅ ခုကို ကနဦး ရင်ဆိုင်ခဲ့ရပါတယ်။

အင်္ဂါနေ့မှာ တရားရင်ဆိုင်ခြင်း စတင်ချိန်မှာပဲ အံ့အားသင့်စရာအဖြစ် အစိုးရရှေ့နေတွေဟာ အဂတိလိုက်စားမှု စွဲချက်တွေကို ပယ်ချခဲ့ပြီး စွဲချက် ၃၅ ခုကနေ လျှော့ပေါ့ပြီးတော့ စွဲချက် ၅ ခုစာကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ကျန်စွဲချက် ၃၀ ကိုတော့ စီရင်ချက်ချဖို့အတွက် ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။

အစ္စဝါရန်ဟာ တန်ဖိုးကြီးပစ္စည်းတွေကို လက်ခံခဲ့မှု ၄ ကြိမ်နဲ့ တရားစီရင်ရေး လမ်းကြောင်းကို နှောင့်ယှက်မှုတမှုတို့အတွက် အပြစ်ရှိကြောင်း အင်္ဂါနေ့မှာ ဝန်ခံခဲ့ပါတယ်။

အစ္စဝါရန်ဟာ အစိုးရအဖွဲ့က နုတ်ထွက်ချိန်တုန်းကတော့ အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါသေးတယ်။

တရားရုံးချုပ် တရားသူကြီးက အစ္စဝါရန်ကို အောက်တိုဘာ ၃ ရက်မှာ စီရင်ချက်ချမယ်လို့ The Straits Times သတင်းစာက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

၂၀၀၆ ခုနှစ်က အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့ အစ္စဝါရန်ဟာ အကျင့်ပျက်ခြစားမှုစွဲချက်နဲ့ တရားရုံးမှာ ပထမဆုံး ရုံးတင်စစ်ဆေးခံရတဲ့ စင်ကာပူဝန်ကြီး ဖြစ်ပါတယ်။

သူ့ကို မနှစ်က ဇူလိုင်လမှာ ဖမ်းဆီးခံခဲ့ရပြီး အိမ်ခြံမြေ သူဌေးကြီး အွန်ဘင်းဆင်းန် ဆီက ဒေါ်လာထောင်ပေါင်းများစွာ တန်ကြေးရှိတဲ့ လာဘ်လာဘတွေကို ရယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အွန်ဘင်းဆင်းန် ကိုတော့ ဘာပြစ်မှုနဲ့မှ တရားစွဲဆိုခြင်း မရှိသေးပါဘူး။

အစ္စဝါရန်ဟာ စင်ကာပူ ဖော်မြူလာဝမ်း ဂရန်းပရီ မော်တော်ကားပြိုင်ပွဲရဲ့ ဦးဆောင်ကော်မတီမှာ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပြီး ပြိုင်ပွဲဆိုင်ရာ အခွင့်အရေးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

စင်ကာပူဝန်ကြီးတယောက်နဲ့ ပတ်သက်တဲ့ နောက်ဆုံးအကျင့်ပျက်ခြစားမှုမှာ ၁၉၈၆ ခုနှစ်က ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီဝန်ကြီးဟာ တရားရုံးမှာ စွဲချက်မတင်ခင်မှာဘဲ သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုဆိုင်ရာ အဂတိလိုက်စားမှု အဆုံးသတ်ရေး အဖွဲ့ရဲ့ စံနှုန်းညွှန်းကိန်းအရ စင်ကာပူနိုင်ငံဟာ မနှစ်တုန်းက ကမ္ဘာ့အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံ ၅ နိုင်ငံထဲမှာ ပါဝင်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013