Home
မြန်မာသတင်း
လာအိုရောက်မြန်မာများ တရားဝင်ငွေပြန်လွှဲရန် စစ်ကောင်စီဝန်ကြီး ဖိအားပေး
DVB
·
October 23, 2024

လာအိုနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီတရားဝင်စနစ်နဲ့ ငွေလွှဲပို့ဖို့ စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးက ကိုယ်တိုင်သွားရောက်တွေ့ဆုံပြောဆိုခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရတယ်။

စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ဗီယင်ကျန်းမြို့ရှိ Alpilao International Sole Limited စက်ရုံကို အောက်တိုဘာ ၂၂ ရက်က  သွားရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့တွေ့ဆုံကာ မိမိရရှိမယ့်လုပ်ခလစာရဲ့ လေးပုံတပုံဖြစ်တဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို  မိသားစုဝင်တွေဆီ တရားဝင် ဘဏ်စနစ်နဲ့ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ Remittance Business License (RBL) ရရှိသူတွေနဲ့ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဖြစ်စေ တလတကြိမ် လုပ်ခလစာရဲ့ ၂၅ ရာခိုင်နူန်း ဒါမှမဟုတ် အများဆုံး ၃ လကိုတကြိမ် ၃ လစာ စုစုပေါင်းရဲ့ အနည်းဆုံး ၂၅ရာခိုင်နူန်း ကို လွှဲပြောင်းပေးပို့ရမယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင်နည်းလမ်းတွေနဲ့ လွှဲပြောင်းပေးပို့တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ငွေကြေးလိမ်လည်ခံရတာတွေ ကြုံတွေ့ရကြောင်း၊  လစာရဲ့ ၂၅ရာခိုင်နူန်းကို ပြန်လည်လွှဲပြောင်း ပေးပို့စေတာဟာ နိုင်ငံတော်ကို လွှဲပြောင်းပေးပို့ရတာမဟုတ်ဘဲ မြန်မာနိုင်ငံမှာ ကျန်ရှိတဲ့ မိသားစုဝင်တွေဆီ တရားဝင်လမ်းကြောင်းကဆင့် လွှဲပြောင်းပေးပို့ခိုင်းတာဖြစ်တယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောခဲ့ပါသေးတယ်။

လက်တွေ့မှာတော့ ပြည်ပရောက် အလုပ်သမားတွေရဲ့ ပြန်ပို့ငွေကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းဖြစ်နေသလို  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ငွေလဲနှုန်းကလည်း ပြင်ပပေါက်ဈေးနဲ့ များစွာကွာဟနေတာကြောင့် ငွေပြန်လွှဲတဲ့ အလုပ်သမားမိသားစုတွေ အတွက် ငွေကြေး နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတာပါ။ 

လာအိုရောက်မြန်မာလုပ်သားတယောက်က "အေဂျင်စီနဲ့ချိတ်ပြီး ရောက်လာတဲ့ အလုပ်သမားတွေနဲ့ တွေ့တာနေမယ်။ ဒီမှာက ကိုယ့်အစီစဥ်နဲ့ ကိုယ်ရောက်နေ သူတွေများတယ်။ ပိုက်ဆံကတော့ အဆင်ပြေသလို ပြန်ပို့ကြတာပဲ"လို့ ပြောပါတယ်။

ဝန်ကြီးဦးမြင့်နောင်ကတော့ ပြည်ပရောက်မြန်မာအလုပ်သမားတွေအနေနဲ့ မိသားစုဆီလစာရဲ့ ၂၅ ရာခိုင်နူန်းလွှဲပို့ဖို့ နည်းမျိုးစုံဖိအားပေးတာတွေဆက်တိုက်လုပ်နေသလို ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတချို့နဲ့တွေ့ဆုံပြီး အလားတူ စည်းရုံးပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့နဲ့ နိုင်ခြားငွေလိုအပ်ချက်မြင့်မားနေတာကြောင့် အခုလို ဖိအားပေးစေခိုင်း တာတွေလုပ်နေရတာဖြစ်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်ဆိုတဲ့ခြိမ်းခြောက်တဲ့စာတွေလည်း ထုတ်ထားပါတယ်။

ကုန်းတွင်းပိတ် ကွန်မြူနစ်နိုင်ငံငယ်လေးဖြစ်တဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေသလို လုပ်ခလစာမှာလည်း မြန်မာနိုင်ငံမှာထက်ပိုများတာကြောင့် မြန်မာလုပ်သားတွေ ရွှေ့ပြောင်းလုပ်ကိုင်မှု တဖြေးဖြေးပိုများလာတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။

အေဂျင်စီတွေကလည်း လုပ်သားစျေးကွက်အသစ်တခုအနေနဲ့ လာအိုနိုင်ငံကိုစေလွှတ်တာရှိသလို နယ်စပ်ဖြတ်ကျော်ပြီး ကိုယ့်အစီစဥ်နဲ့ကိုယ်သွားရောက်သူတွေများလာတယ်လို့လည်း  သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024