ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှာ ရက်ဆက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၇ လုံး ပြိုကျပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မအူပင်မြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာ၊ ကျွန်းထိပ်ကုက္ကိုတန်းကျေးရွာ၊ နတ်စဉ်ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာနဲ့ ပေကုန်းကျေးရွာအုပ်စု၊ ဆင်ကူးရွာမကျေးရွာ စတဲ့ကျေးရွာတွေက လူနေအိမ် ၂၇ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မအူပင်မြို့နယ်က ဒေသခံ ကူညီကယ်ရေး ဆောင်ရွက်ပေးသူတယောက်က “မိုးတွေရွာလာပြီး ရုတ်တရက် လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့ အိမ်တွေက အစုံပါပဲ။ သွပ်မိုးအိမ်တွေလည်း ပါတယ်။ လေက ပြင်းတော့ ပြိုကျတာ။ ကံကောင်းလို့ လူတွေထွက်ပြေးတာမြန်လို့ ထိခိုက်သေဆုံးတာ မရှိတာ” လို့ ပြောပါတယ်။
အဲဒီ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေဟာ လတ်တလော နီးစပ်ရာ ဆွေမျိုးတွေရဲ့အိမ်တွေမှာ ပြောင်းရွှေ့နေထိုင်နေရပြီး စစ်ကောင်စီ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က စာရင်းကောက်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “လေက လေပွေလို စောင့်တိုက်သွားတာ။ အခုနှစ်မှ အသစ်ဆောက်ထားတဲ့ ဓနိမိုး ပျဉ်ခင်းအိမ်လေး တခါတည်း ပြိုကျသွားတာ။ လေကပြင်းတော့ ပျက်စီးကုန်တာပေါ့။ လေကြောင့် သစ်ပင်တွေလဲတယ်၊ သစ်ကိုင်းတွေ ကျိုးကျတယ်။ နေရာတော်တော်များများမှာ ဖြစ်တာ။ စာရင်းတော့ ကောက်သွားကြတာပဲ” လို့ ပြောပါတယ်။
မအူပင်မြို့နယ်မှာ လေပြင်းဒဏ်ကြောင့် ၂၀၂၄ ခုနှစ်ထဲ နေအိမ်တွေ ပြိုကျပျက်စီးတာဟာ ၃ ကြိမ်မြာက် ဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မအူပင်မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း လေပြင်းကြောင့် နေအိမ် ၂၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး မေလ ပထမအပတ်ကလည်း နေအိမ် ၁၇ လုံး လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။