ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်နဲ့ သာပေါင်းမြို့နယ်တွေမှာ အခုရက်ပိုင်း လေပြင်းတိုက်ခတ်လို့ နေအိမ် ၅ လုံး ပြိုကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာမှာ အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီးရုတ်တရက် လေပြင်းတိုက်ခတ်လို့ နေအိမ် ၂ လုံး ပြိုကျ ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံကူညီကယ်ဆယ် ရေးအဖွဲ့ဝင် တယောက်က''ချောင်းဗြဲကြီးရွာက ဦးနေစိုးနဲ့ ဦးကိုဇင်တို့ရဲ့ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း အိမ် ၂ လုံး ပြိုတာ။ နေအိမ် ပျက်စီးတဲ့ မိသားစုကို ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းပို ခေတ္တရွှေ့ပြောင်းပေးထားတယ်” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်က ရုတ်တရက် လေပြင်းတိုက်ခတ်လို့ နေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ပြီး စက်တင်ဘာ ၂၀ ရက်ကလည်း ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာမှာ နေအိမ် ၂ လုံးလေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ တယောက်က''လေပြင်းဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့တဲ့ အိမ်တွေက ဓနိမိုး ဓနိကာ နေအိမ် တလုံးနဲ့ သွပ်မိုး ပျဉ်ကာ နေအိမ်တွေပါ။ လူတွေ တရိစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပါဘူး။'' လို့ ပြောပါတယ်။
အဲဒီ လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ် ၅ လုံးက ဒေသခံ အယောက် ၂၀ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး နေအိမ် ပြန်ဆောက်ဖို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတွေအနေနဲ့ မကြာမီမိုးအကုန်ကာလကိုရောက်တော့မှာဖြစ်လို့ မိုးကုန်ကာလမှာ ဖြစ်လေ့ ရှိတဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာတွေကို သတိနဲ့ နေထိုင် လုပ်ကိုင်သွားလာကြဖို့ လူမှုကူညီရေး အဖွဲ့တွေက အကြံပြုထားချက်အရ သိရပါတယ်။
ဧရာဝတီတိုင်း ဒေးဒရဲနဲ့ ဘိုကလေးမြို့နယ်မှာ ဇူလိုင် ၂၃ ရက်က မိုးသက်လေပြင်း တိုက်ခတ်လို့ နေအိမ် ၉ လုံးပျက်စီးခဲ့ပါတယ်။