ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စစ်ကောင်စီခန့် လူကောင်းကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အရပ်သားတွေဆီမှာ စစ်မှုထမ်းအစားထိုးကြေး တအိမ် ၁ သိန်း ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီခန့် လူကောင်းကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အောက်တိုဘာ ၁၉ ရက်က စတင်ပြီး အိမ်ခြေ ၁,၀၀၀ နဲ့ အထက်ရှိတဲ့ လူကောင်းကျွန်းကျေးရွာအုပ်စုထဲမှာ စစ်မှုထမ်း အစားထိုးကြေး တအိမ် ၁ သိန်း ကောက်ယူနေတာလို့ ဆိုပါတယ်။
လူကောင်းကျွန်းကျေးရွာ ဒေသခံတယောက်က “တအိမ်ထောင် ၁ သိန်း ကောက်တာ။ လူငှားထည့်ထားရတယ်ပေါ့။ တောင်းတဲ့ငွေ မထည့်နိုင်ရင် စစ်မှုထမ်းထဲ လိုက်သွားကြလို့ ပြောကောက်နေတာ။ ဒေသအုပ်ချုပ်ရေးမှူးက တော်တော်ဆိုးတာပါ။ မထည့်မရဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ကိုဦးရဲ့အပိုင် လူကောင်းကျွန်းကျေးရွာ အုပ်စုထဲက ချောင်းသာကြီး၊ တောင်ယာစု၊ ဥတို၊ ညောင်ချောင်းကြီး၊ လူကောင်းကျွန်း စတဲ့ ကျေးရွာတွေမှာ အဓိက ကောက်ယူနေတာလို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူ ရပ်မိရပ်ဖတယောက်က “အလုပ်အကိုင် အဆင်မပြေကြလို့၊ ကုန်ဈေးနှုန်း ကြီးမြင့်နေလို့၊ လူငယ်ပိုင်မရှိ၊ အလုပ်မလုပ်ကိုင်နိုင်တဲ့ သက်ကြီးရွယ်အို နေအိမ်တွေက ခက်ခဲကျပ်တည်းတာတွေ ရှိတယ်ပေါ့။ ဒီလိုအိမ်တွေကို ကင်းလွှတ်ပေးဖို့ပြောတာ အုပ်ချုပ်ရေးမှူးက မကင်းလွတ်ပေးဘူး။ ဘယ်လိုဘယ်လို တောင်းပန်ပြောပြော မရဘူး။ ထည့်ကို ထည့်ရမယ်၊ အောက်တိုဘာလကုန်ထိ မပေးရင် စစ်တပ်ခေါ် ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ကိုဦးက မြို့နယ်အဆင့် ထွေအုပ်နဲ့ ပေါင်းကာ အရပ်သားတွေဆီကနေ စစ်မှုထမ်းအစားထိုးကြေး ကောက်ယူနေတာဖြစ်ပြီး ငွေကောက်ယူထားတဲ့ရွာကို ယာယီစစ်မှုထမ်းမခေါ်ဘဲ ထားပေးနေတာလို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သြဂုတ် ၂၀ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ ဒေသခံတွေဆီက စစ်မှုထမ်းအကြောင်းပြ ကောက်ခံထားတဲ့ ငွေကျပ်သိန်း ၁,၀၀၀ အလွဲသုံးစားလုပ်ပြီး မရှင်းနိုင်ဘဲ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။