ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်မှာ အောက်တိုဘာ ၂၁ ရက်၊ ညနေ ၃ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ သက်ကြီးအမျိုးသား တယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက် ၊ ကုန်သည်လမ်း၊ မြို့မဈေးကြီးအနီးရှိ ပေါ်ပြူလာအရုပ်ဆိုင်ကနေ မီးစလောင်တာဖြစ်ပြီး ဘေးချင်းကပ် အလှပြင်ဆိုင်၊ အပေါင်ဆိုင် တွေအပါအင် နေအိမ် ၁၀ လုံးမီးလောင်းဆုံးရှုံးခဲ့တဲ့ပြင် အသက် ၈၀ ကျော် အဘိုးအိုတယောက်ပါ မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က''သေဆုံးသူက မီးစတင်လောင်ကျွမ်းတဲ့ ပေါ်ပြူလာ အရုပ်ဆိုင်က အသက် ၈၀ ကျော်အရွယ် ဦးတင်ရွှေပါ။ မီးလောင်ဒဏ်ရာနဲ့ မီးခိုးမွှန် အသက်ရှူကြပ်တာကြောင့် သေဆုံးခဲ့တာ။ ပေါ့ဆမီးကြောင့်လောင်တာ။ မီးလောင်ဆုံးရှုံးမှုကို မီးသတ်ဦးစီးဌာနက စစ်ဆေးတွက်ချက်နေတယ်''လို့ ပြောပါတယ်။
ကူညီကယ်ဆယ် ရေးအဖွဲ့ဝင် တယောက်က “မီးစတင်လောင်တဲ့ အိမ်ကနေ တခြားအိမ်တွေပါ မီးကူးစက်ပြီး လောင်ကျွမ်းခဲ့တာ။ မီးလောင်အားက အတော်ကောင်းတာ။ ပေါ့ဆမီးကြောင့်လောင်တာ။ အချိန် ၄ နာရီလောက်ကို မီးငြှိမ်းသတ်ရတာ။ မီးလောင်သွားတဲ့ အဆောက်အဦးကတော့ အစုံပေါ့” လို့ပြောပါတယ်။
အဲ့ဒီ မီးလောင်မှုကို ဝါးခယ်မမြို့နယ်၊ ကျုံမငေး၊ အိမ်မဲ၊ ရွာသစ်နယ်၊ ရွှေလောင်းစတဲ့ ဒေသအသီးသီးက မီးသတ်ကားတွေ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ၊ လူမှုကူညီရေးအဖွဲ့တွေက ဝိုင်းဝန်း ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ကြပါတယ်။