ထိုင်းနိုင်ငံမှာ ကျောင်းကားမီးလောင်မှုဖြစ်ပွားပြီး ကလေးအယောက် ၂၀ နဲ့ ဆရာ ၃ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာ သေဆုံးသူတွေရဲ့ မိသားစုတွေကို ဘတ်သန်းနဲ့ချီပြီး နစ်နာကြေးပေးဖို့ ထိုင်းအစိုးရက ဦးဆောင်စီမံပေးနေပါတယ်။
ဒီအခါမှာ သွေးသားတော်စပ်ပေမဲ့ ပြုစုစောင့်ရှောက်မှု မလုပ်ဘဲ ရင်သွေးကို စွန့်ပစ်ထားတဲ့ မိဘတချို့ဟာ သူ့ကလေးတွေအတွက်ဆိုပြီး တယောက်ကို ဘတ် ၁ ဒသမ ၂၁ သန်း နစ်နာကြေး လာတောင်းတာမျိုး ရှိနေတယ်လို့ ထိုင်းရှေ့နေချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အစိုးရရဲ့ အတည်ပြုချက်နဲ့ နစ်နာကြေးတွေ ဝေငှပေးဖို့ရာ ခံစားခွင့်ရှိသူတွေကို လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြည့်ခိုင်းတာဖြစ်ပါတယ်။
ပြည်နယ်ဥပဒေရုံးက သေဆုံး၊ ဒဏ်ရာရ ကလေးတွေ၊ ဆရာတွေရဲ့ မိသားစုတွေကို ဆက်သွယ်ခဲ့ရာမှာ အခုလို ပုံမှန်မဟုတ်တဲ့ အချက်တွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
တချို့ကလေးတွေဆိုရင် အဘိုးအဘွားတွေ၊ ဆွေမျိုးသားချင်းတွေကပဲ စောင့်ရှောက်ထားရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နစ်နာကြေးပေးမယ်လည်းဆိုရော ထိပ်ဆုံးက ရောက်လာကြတာ ဖြစ်ပါတယ်။
တချို့ကလေးတွေကျတော့လည်း မိဘတွေက အိမ်ထောင်ကွဲနေပြီး ဖခင်၊ ဒါမှမဟုတ် မိခင် ကသာ စောင့်ရှောက်ထားရတာ ဖြစ်ပါတယ်။
အခု ပိုက်ဆံရမယ်လည်းဆိုရော ကြည့်ရှုစောင့်ရှောက်ရာမှာ မပါဝင်တဲ့သူက ဒီပိုက်ဆံကို အကုန်ဖြစ်ဖြစ်၊ တဝက်ဖြစ်ဖြစ် လိုချင်လာတာ ဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူတွေ လိုက်ပါလာတဲ့ လေ့လာရေးခရီးထွက်တဲ့ ဘတ်စ်ကား မီးလောင်မှုကြောင့် ကျောင်းလေ့လာရေးခရီးစဉ်တွေ အားလုံးကိုလည်း ရပ်ဆိုင်းထားပါတယ်။
ဘတ်စ်ကားမှာ ခွင့်ပြုထားတာထက် ပိုပြီး ဂက်စ်အိုးတွေ ပိုတပ်ထားတဲ့ ကိစ္စအတွက်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြည်နယ်တာဝန်ရှိသူတွေကို စစ်ဆေးနေပါတယ်။
လေ့လာရေးခရီးစဉ် စံနှုန်းသတ်မှတ်ချက်တွေ အဆိုပြုထားသလို လူ ၄၀ ဆံ့ ဘတ်စ်ကားတွေအတွက် အာမခံကြေးတိုးမြှင့်ဖို့လည်း စီစဉ်နေပါတယ်။
ကျောင်းတွေမှာ ကင်းထောက်သင်တန်း တစိတ်တဒေသ အနေနဲ့ အရေးပေါ်အခြေအနေ ရင်ဆိုင်တုံ့ပြန်တတ်အောင် လေ့ကျင့်သင်ကြားရေး အစီအစဉ်တွေ ထည့်ဖို့လည်း စဉ်းစားနေပါတယ်။
Source-Reuters