ရန်ကုန် လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီးပေါ်မှာ အောက်တိုဘာ ၂၁ ရက် ည ၆ နာရီခွဲက ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကားကို အမျိုးသား ၂ ယောက်က လုယက်ခဲ့ရာ ရွှေ ၅ ပိဿာ ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီခွဲက အေးရိပ်မွန်လမ်းမကြီးပေါ် မြရွှေယုံရွှေဆိုင်မှ ဆိုင်သိမ်းပြီး ပြန်လာတဲ့ကားကို အမည်မသိ အမျိုးသား ၂ ယောက်က သေနတ်ပစ်ဖောက်ကာ လုယက်ခဲ့တာဖြစ်တယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။
“ဆိုင်သိမ်းပြီး အိမ်ကို ပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်ပြီး ရွှေတွေထည့်ထားတဲ့ သေတ္တာတွေ လုသွားတာ၊ ရွှေ ၅ ပိဿာ ပါသွားတယ်။ အလုခံရတာ ရွှေဆိုင်ပိုင်ရှင်အိမ်ရှေ့မှာ။”
ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနဲ့ ဆင်ရေတွင်းလမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ မြရွေယုံရွှေဆိုင်မှ ဆိုင်သိမ်းပြီး ရွှေတွေကို သေတ္တာ ၃ လုံးနဲ့ ထည့်ကာ နေအိမ်ကိုပို့ခိုင်းစဥ် လုယက် ခံရတာ ဖြစ်တယ်လို့ လှိုင်မြို့နယ်ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“ဆိုင်ပိုင်ရှင် အိမ်ကိုရောက်နေပြီ၊ ကားဖင်ထိုးပြီး ဝင်တဲ့အချိန် အနောက်ကလိုက်လာတဲ့ ကားပေါ်က လူ ၂ ယောက်က ဆင်းလာပြီး တယောက်က ကားကို သေနတ်နဲ့ပစ်တယ်၊ တယောက်က ကားမှန်ကိုခွဲပြီး ရွှေထည့်ထားတဲ့ သေတ္တာ ၃ လုံးကို ယူသွားတာ။”
ရန်ကုန်မှာ ရွှေဆိုင်တွေ လုယက်ခံရတဲ့ကိစ္စတွေမှာ PDF အဖွဲ့တွေနဲ့ မဆိုင်ဘဲ နာမည်ရှိ လူမိုက်နဲ့ နယ်ခံတွေပေါင်းပြီး ဒီလိုကိစ္စတွေ အမြဲကျူးလွန်လေ့ရှိတယ်လို့ အငြိမ်းစား ရဲအရာရှိတယောက်က သုံးသပ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်စျေးမှ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ အမျိုးသားတယောက်ကို အမည်မသိ အမျိုးသား ၅ ယောက်က ဖမ်းဆီးသွားပြီး သတ်ဖြတ်ကာ ရွှေတွေလုယူခဲ့ပါတယ်။