ရန်ကုန်၊ လှိုင်မြို့နယ် ကွန်ဒို ၉ လွှာကနေ ဇန်နဝါရီ ၂၆ ရက် ဒီနေ့မနက်ပိုင်းက အမျိုးသားတဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မာဃရိပ်ငြိမ် လူမှုကူညီကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
လှိုင်မြို့နယ်၊ ၇ ရပ်ကွက်၊ ဓမ္မသုခကျောင်းလမ်း ကွန်ဒို ၉ လွှာအမြင့်ကနေ အသက် ၃၀ အရွယ် အမျိုးသားတဦး ပြုတ်ကျပြီး ခြေလက်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မာဃရိပ်ငြိမ် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ဘယ်လိုဖြစ်ပြီး ပြုတ်ကျခဲ့လဲဆိုတာတော့ ကျနော်တို့ သေချာမသိဘူး။ ကျနော်တို့ကို အမျိုးသားတဦး တိုက်ပေါ်က ပြုတ်ကျသွားတယ်ဆိုလို့ သွားကူညီပေးတာ။ ပြုတ်ကျတဲ့သူက ခြေထောက် ၃ ပိုင်းလောက်ကျိုးပြီး အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေသွားတာပါ။ တခြားနေရာတွေလည်း ဒဏ်ရာတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ ရုပ်အလောင်းကို မာဃရိပ်မြုံ လူမှုကူညီကယ်ဆယ်ရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
ရန်ကုန်၊ မြောက်ဒဂုံမြို့နယ် ဗိုလ်မင်းရောင်အိမ်ရာမှာလည်း ဇန်နဝါရီ ၁၀ ရက် ညက အမျိုးသားတဦး ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။