အာဆင်နယ်အသင်းမှာ အရပ်ရှည်တဲ့ ကစားသမားတွေ များလာတာကို အားသာချက်အဖြစ် အသုံးချဖို့ ကွင်းလယ်ကစားသမားသစ် မီခေးလ်မယ်ရီနိုက တိုက်တွန်းပြောသွားပါတယ်။
ခေတ်သစ်ဘောလုံးလောကမှာ နည်းစနစ်၊ နည်းဗျူဟာနဲ့ စည်းလုံးညီညွတ်မှုတွေက အရေးပါသလို ရုပ်ပိုင်းဆိုင်ရာ အားသာချက်တွေကလည်း နိုင်ပွဲရဖို့ ကူညီပေးနိုင်ကြောင်း မယ်ရီနိုက ပြောပါတယ်။
အာဆင်နယ်မှာ မယ်ရီနိုကိုယ်တိုင်က အရပ် ၆ ပေ ၂ လက်မရှိပြီး ကိုင်ဟာဗက်ဇ်၊ ဆာလီဘာ၊ ဂါဘရီယယ်၊ တိုမီယာဆု၊ ကီဝီယောတို့အပြင် ဘန်ဝှိုက်၊ ပါတေး၊ ရိုက်စ်နဲ့ ကလာဖီအိုရီတို့ဟာလည်း အရပ် ၆ ပေ ၂ လက်မကနေ ၆ ပေ ၄ လက်မအထိ အရပ်ရှည်ကြတာပါ။
ဆိုစီဒက်မှာတုန်းက သူ့ထက်အရပ်ရှည်သူတွေ သိပ်မရှိပေမဲ့ အာဆင်နယ်မှာတော့ ဘတ်စကတ်ဘောအသင်းတသင်းလို အလားသဏ္ဌာန်တူနေကြောင်း မယ်ရီနိုက ပြောသွားပါတယ်။
အာဆင်နယ်ဟာ တည်ကန်ဘောတွေကနေ ဂိုးအဖြစ် အများဆုံး အသုံးချနိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။