ကရင်အမျိုးသားအစည်းအရုံး (KNU) တင်မက များစွာသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ နှလုံးသားထဲ ခပ်နက်နက် စူးဝင်နေတဲ့ ဆူးတချောင်းကို အောက်တိုဘာ ၁၇ ရက် မနက် ၄ နာရီခွဲလောက်မှာ ဆွဲနုတ်လိုက်နိုင်ပြီ ဖြစ်တယ်။
အောက်တိုဘာ ၁၇ ရက် မနက်မှာ လေးကေ့ကော်မြို့သစ်ထဲ စွယ်တော်ကုန်း နယ်စပ်ခြေကုပ် အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်း အဲဒီနေ့မနက်မှာပဲ မီဒီယာ ပလက်ဖောင်းပေါ် ခုန်တက်လာခဲ့တယ်။ ပထမဆုံး တက်လာတဲ့ ဓာတ်ပုံကို ကြည့်လိုက်တော့ စွယ်တော်ကုန်းပေါ်လို့ ထင်ရတဲ့နေရာမှာ အောင်ပွဲခံနေတဲ့ ကော်ဘရာစစ်ကြောင်း ရဲဘော်တွေ၊ နောက်ထပ်တက်လာတဲ့ ဓာတ်ပုံက လေးကေ့ကော်မြို့ထိပ် ဆိုင်းဘုတ်တွေရဲ့ရှေ့ သိမ်းဆည်းရမိတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့အတူ ရိုက်ထားတဲ့ အောင်ပွဲခံ တော်လှန်ရေးရဲဘော်တွေရဲ့ပုံ။
လေးကေ့ကော်မြို့ဟာ ဒဏ်ရာတွေ အထပ်ထပ်နဲ့ အကြမ်းဖက်စစ်တပ်လက်အောက် ကျရောက်နေခဲ့တာ ၂ နှစ်ခွဲကျော် ကြာခဲ့ပေမဲ့ မြို့ထိပ်ဆိုင်းဘုတ်တွေက ကံကောင်းထောက်မစွာနဲ့ မပျက်၊ ဒါပေမဲ့ ထင်ရာစိုင်းနေတဲ့ မြက်ရိုင်းတွေက ထူပိန်းပိန်း။
လေးကေ့ကော်မြို့ထိပ် ဒီဆိုင်းဘုတ်တွေကနေ စွယ်တော်ကုန်းကို ဆိုင်ကယ်နဲ့ ခပ်မှန်မှန် မောင်းသွားမယ်ဆို အလွန်ဆုံးကြာလှ ၅ မိနစ်ကျော်။ စွယ်တော်ကုန်းတပ်စခန်း ဆိုတာ ထိုင်း-မြန်မာ နယ်စပ်တပ်စခန်းအဖြစ် တည်ခဲ့တာ အနှစ် ၂၀ ကျော် ကြာခဲ့ပြီဖြစ်ကြောင်း၊ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ကျူးကျော်ခဲ့ပြီးနောက် မြဝတီနဲ့ ဖလူးဒေသတလျှောက် ဒီစွယ်တော်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်က ဆိုပါတယ်။
စွယ်တော်ကုန်းကိုရဖို့ ၇ လကြာ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့လည်း သိရတယ်။ ရိက္ခာဖြတ်ဗျူဟာအရ ရိက္ခာပို့နိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်၊ စွယ်တော်ကုန်းပေါ်တက်မယ့် ရေပိုက်တွေကိုလည်း ဖြတ်တောက်၊ ဘယ်လိုမှမခံနိုင်တော့တဲ့ အောက်တိုဘာ ၁၇ ရက်မှာ ဗျူဟာမှူးနဲ့ စစ်သားတချို့ စွယ်တော်ကုန်းပေါ်ကနေ ဆင်းပြေး၊ တချို့ကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးမိ။
သတင်းတချို့က လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်းတပ်စခန်းလို့ ဖော်ပြကြပေမဲ့ တကယ်တမ်းက လေးကေ့ကော်မြို့ပရဝဏ်ထဲက အမြင့်ဆုံးတောင်ကုန်းပေါ် အမြောက်ကြီး တကားကားနဲ့ ရမ်းကားနေတဲ့ တပ်စခန်း။ အဲဒီစခန်းပေါ်ကနေ မြဝတီကိုတောင် အမြောက်နဲ့ လှမ်းပစ်နိုင်တယ်ဆိုတော့ မောက်မာလွန်းလှတဲ့ ဗျူဟာမြောက်စခန်း။
ဒေသခံတွေနဲ့ လေးကေ့ကော်မှာ လာရောက်အခြေချခဲ့ဖူးသူတွေကတော့ အဲဒီတပ်စခန်းကို စွယ်တော်ကုန်းလို့ မခေါ်၊ ခပ်ပြတ်ပြတ် ခပ်နှိမ်နှိမ် ခွေးကုန်းလို့သာ ခေါ်ကြတယ်။ အခု အဲဒီခွေးကုန်းပေါ်ကနေ အကြမ်းဖက်စစ်သားတွေကို မောင်းချလိုက်နိုင်ပြီဆိုတော့ လေးကေ့ကော်မြို့သစ်ဟာလည်း စစ်တပ်လက်အောက်ကနေ ပြန်လည်လွတ်မြောက်ပြီ ဆိုတဲ့ သဘော။ အဲဒီခွေးကုန်းနဲ့ သိပ်မဝေးတဲ့နေရာက နာမည်ကျော် ဖလူးကြီးတပ်စခန်းကိုလည်း ၂၀၂၄ ခု မတ်လကတည်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးပြီဆိုတော့ လေးကေ့ကော်မြို့သစ်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေစိုက်တပ်စခန်း လုံးဝမရှိ။ ဖလူးဘက်ကနေ ဆက်သွားမယ်ဆိုရင် ဟိုး… ခပ်ဝေးဝေး ဝေါလေ၊ ဥကရစ်ထနဲ့ သေဘော့ဘိုးတို့မှာ စစ်တပ်စခန်း နည်းနည်းရှိနေသေးပေမဲ့ အဲဒီဘက်ကနေ အလုံးအရင်းနဲ့ လေးကေ့ကော် ရောက်တဲ့အထိ ဆင်းချလာဖို့ မလွယ်။
မြဝတီမြို့ဘက်ခြမ်းဆိုရင်လည်း မြဝတီမြို့စောင့်တပ် ဆိုတာ အင်အားသိပ်မများလှသလို BGF ရဲ့ စောင့်ရှောက်မှုကြောင့်သာ မသေမပျောက် ရပ်တည်နေရတဲ့ အခြေအနေ။ မော်လမြိုင်ကနေ ဆင်းလာတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်း ဆိုတာလည်း ဒေါနတောင်ကို မကျော်နိုင်ရာကနေ အခုတော့ ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိတော့တဲ့ အခြေအနေ။ ကော့ကရိတ်ဘက်ကနေ ထိုးဆင်းလာနိုင်တဲ့ စစ်တပ် ဒေါနတောင် ကျော်နိုင်ခဲ့ရင်တောင် မြဝတီမရောက်ခင် သင်္ဃန်းညီနောင်မြေကို တော်လှန်ရေးတပ်တွေက ခြေခြေမြစ်မြစ် ဆုပ်ကိုင်ထားနိုင်တာကြောင့် မြဝတီရောက်ဖို့ မရေရာ။ ဒါ့ကြောင့် မြဝတီမြို့ကနေ နာရီဝက်လောက် ကားမောင်းမှ ရောက်မယ့် လေးကေ့ကော်ဆီ လာနိုင်ဖို့ဆိုတာ လက်ရှိအခြေအနေမှာ တော်တော့်ကို မလွယ်။ ဆိုတော့ အကြမ်းဖက်စစ်တပ်အားထားရာ မိစ္ဆာလေယာဉ်တွေရဲ့ ဗုံးကြဲမယ့်အန္တရာယ်ကလွဲ တခြားမရှိနိုင်။
ဘယ်လိုပဲဖြစ်ဖြစ် လေးကေ့ကော်ကို တော်လှန်ရေးတပ်တွေ ပြန်သိမ်းလိုက်ပြီ ဆိုကတည်းက လေးကေ့ကော်ကို စွန့်ခွာခဲ့ရတဲ့ မဲဆောက်ရောက် CDM နဲ့ တက်ကြွလှုပ်ရှားသူတွေ ခေါင်းထောင်လာကြတယ်။ ပြန်လို့ရရင် လေးကေ့ကော်မှာ ပြန်နေကြမယ် ဆိုတဲ့ အသံကိုလည်း ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ လေးကေ့ကော်မှာ နေခဲ့ဖူးသူတွေက လေးကေ့ကော် ခံစားမှုအပြည့်။ လေးကေ့ကော်မှာ ပြန်နေချင်စိတ်အပြည့်။
အဲဒါကြောင့် ထင်တယ်။ တော်လှန်ရေးတပ်တွေ ခွေးကုန်းကို သိမ်းပြီး သိပ်မကြာ လေးကေ့ကော်နဲ့ အနီးဆုံးမှာ ရှိနေပုံရတဲ့ NLD လွှတ်တော်အမတ် မဖြူဖြူသင်းက လေးကေ့ကော်တခွင် ဓာတ်ပုံရိုက်ကာ သူ့ဖေ့စ်ဘွတ်ခ်ပေါ် တင်ထားတာ တွေ့ရတယ်။ “သီတင်းကျွတ်လပြည့်နေ့ လေးကေ့ကော် အစ လေးကေ့ကော်အဆုံး အမှတ်တရ….” တဲ့။
လေးကေ့ကော်မြို့ထိပ်၊ ခွေးကုန်းနဲ့ မျက်နှာချင်းဆိုင် အများပြည်သူ အပန်းဖြေနေရာ ဗျူးပွိုင့်နဲ့ ခွေးကုန်းပေါ် ရိုက်ထားတဲ့ ဓာတ်ပုံများ။ လတ်လတ်ဆတ်ဆတ် စစ်ဘီလူး ကင်းစင်သွားတဲ့ လေးကေ့ကော်ကို ပထမဆုံး ခြေချခွင့်ရတဲ့ NLD အမတ်နဲ့ တက်ကြွလှုပ်ရှားသူဟာ မဖြူဖြူသင်း ဖြစ်မယ်လို့ ထင်တယ်။
မဖြူဖြူသင်းက NLD အမတ်တချို့လို ထောင်ထောင်လွှားလွှား ကြွားကြွားဝါဝါ ပေါ်ပေါ်ပင်ပင် လုပ်တတ်သူမဟုတ်ဘဲ သူ့အလုပ်သူ ပိပိပြားပြား ပီပီပြင်ပြင်နဲ့ ဒီတော်လှန်ရေးမှာ အသံတိတ် ဇွဲခတ်လုပ်နေသူ တဦးမို့ လေးကေ့ကော်မှာ ဓာတ်ပုံလာရိုက်ပြီး အကြွားပို့စ်တင်တယ်လို့ မထင်။ သူသည်လည်း လေးကေ့ကော်မှာ ကာလအတန်ကြာ နေခဲ့ဖူးသူမို့ လေးကေ့ကော် ခံစားချက်ရှိသူ တယောက်။ အဲဒီ လေးကေ့ကော်ခံစားချက်နဲ့ လေးကေ့ကော်ကို ရောက်အောင် ပြန်လာနိုင်ခဲ့ပြီဆိုတဲ့ အားမာန်ကို ပေးချင်တဲ့စိတ်။ ကျနော် အမှတ်မမှားဘူးဆိုရင် တောင်နံရံနဲ့ ကပ်လျက် လေးကေ့ကော် ၆ ရပ်ကွက်ဟာ သူ စတည်းချခဲ့ဖူးရာ။ ကျနော်တို့အားလုံး မမျှော်လင့်ထားဘဲ လေးကေ့ကော်ကနေ ဆုတ်ခဲ့ရတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှာ ကျနော်တို့ လေးကေ့ကော်ထဲ စစ်ဘီလူးတွေ ဖုန်တထောင်းထောင်း ထခဲ့တာမို့ ပထမ၊ လေးကေ့ကော်နဲ့ သိပ်မဝေးတဲ့ တောင်အမြင့်တနေရာက PDF တို့စံရာ လင်းယုန်စခန်း။ ပြီးတော့ အဲဒီနေ့ညနေမှာပဲ ၄ နာရီကျော်ကြာ တတောင်တက် တတောင်ဆင်း လမ်းလျှောက်မှ ရောက်တဲ့ ဒေါနတောင်တန်းပေါ်က စမ်းချောင်းစခန်းမှာ ချက်ချင်း လက်ငင်း စစ်ဘေးဒုက္ခသည် ဖြစ်သွားတဲ့ လူ ၁,၀၀၀ ကျော် တိုးတိုးဝှေ့ဝှေ့။ တချို့က လေးကေ့ကော်နဲ့ မျက်နှာချင်းဆိုင် လေးကေ့ကော်အပိုင်ထဲက ထီးမယ်ဝါခီးရွာထဲကနေ စစ်တပ်ခြေလှမ်းတွေကို စောင့်ကြည့်။ တချို့လည်း သောင်ရင်းမြစ်နံဘေး ဖလူးလေးဝန်းကျင်။ သေချာတာက လေးကေ့ကော်မှာ နေခဲ့သူအားလုံးဟာ လေးကေ့ကော်မှာ နေလို့မရတာ သိပ်သေချာသွားတဲ့အချိန်မှ သောင်ရင်းမြစ်တဖက်ဆီ ရင်နာနာနဲ့ ဆုတ်ခဲ့ကြ။
ဘာပဲဖြစ်ဖြစ် လေးကေ့ကော်ကို လွတ်လွတ်ကျွတ်ကျွတ် ပြန်ရလိမ့်မယ်လို့ မထင်ရဲသေးတဲ့အချိန်၊ ၃ နှစ်မပြည့်ခင် လေးကေ့ကော်ကို ကျနော်တို့ ပြန်ရလိုက်တယ်။ လေးကေ့ကော် ဆိုတာ ကျနော်တို့ရဲ့ လွတ်လပ်ခြင်းအရသာ၊ လွတ်မြောက်နယ်မြေ။ ကျနော်တို့အတွက် ခွန်အားသစ်။ နောက်ထပ် ၃ နှစ်မကြာ မြန်မာတနိုင်ငံလုံးကို ကျနော်တို့ ပြန်ရနိုင်တယ်လို့ဆိုရင် ဘယ်သူ ရဲရဲငြင်းမလဲ။ လေးကေ့ကော်ကနေ ကျနော်တို့ ဆက်စီးကြမယ်။ ကျနော်တို့အားလုံး ကိုယ့်အိုးကိုယ့်အိမ်ဆီ ရောက်အောင် ပြန်ကြမယ်။