Home
နိုင်ငံတကာ
အိန္ဒိယတွင် ၆ ရက်အတွင်း လေယာဉ်ဗုံးခွဲရန် ခြိမ်းခြောက်မှု အကြိမ် ၇၀ ကျော်ကြုံ
DVB
·
October 20, 2024

အိန္ဒိယလေကြောင်းလိုင်းတွေဟာ ဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှု အကြိမ် ၇၀ လောက်ကို ၆ ရက်အတွင်း ကြုံခဲ့ရအပြီးမှာ အရပ်ဘက်လေကြောင်းလုံခြုံရေးဗျူရိုနဲ့ လေကြောင်းလိုင်း စီအီးအိုတွေ အောက်တိုဘာ ၁၉ ရက်နေ့မှာ အရေးပေါ်တွေ့ဆုံခဲ့တယ်လို့ NDTV  သတင်းဌာနက ဖော်ပြပါတယ်။ 

တကယ်မဟုတ်ဘဲ နောက်ပြောင်ခြိမ်းခြောက်မှုတွေနဲ့ ကြုံရချိန်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းတဲ့အခါ ခရီးသည်တွေအတွက် အဆင်မပြေသလို လေကြောင်းလိုင်းတွေအတွက် ဆုံးရှုံးမှုရှိပေမဲ့ အဲဒီအတိုင်းဆက်လုပ်ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။ 

အောက်တိုဘာ ၁၉ ရက်နေ့ တနေ့တည်းတင် ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှု အကြိမ် ၃၀ ကျော် ကြုံတွေ့ခဲ့ရပါတယ်။ 

IP လို့ခေါ်တဲ့ အင်တာနက်လိပ်စာကိုခြေရာခံမှုအရ ခြိမ်းခြောက်မှုတွေဟာ ဗြိတိန်၊ ဂျာမနီ၊ ကနေဒါ၊ အမေရိကန်တို့က လာတာကို တွေ့ရပါတယ်။ 

ဒါပေမဲ့ VPNs (virtual private networks) သုံးပြီး တည်နေရာပြောင်း ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။ 

ခြိမ်းခြောက်မှု ၄ ကြိမ်အထိ လုပ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ကိုတော့ ထိန်းသိမ်းထားပြီး အဲဒီလူငယ်ဟာ သူ့သူငယ်ချင်းကို ချောက်တွန်းချင်လို့ လုပ်ခဲ့တာလို့ တွေ့ထားပါတယ်။  

အဲဒီလူငယ်ကို ဖမ်းလိုက်ပေမဲ့ တခြားခြိမ်းခြောက်မှုတွေ ဆက်ဖြစ်နေတဲ့အတွက် နောက်ပြောင်လိုသူတွေက လုပ်နေတာလား၊ တကယ်လျှို့ဝှက်ပူးပေါင်း ကြံစည်မှုရှိနေသလား ဆိုတာ မရေရာဘူး ဖြစ်နေပါတယ်။ 

အာဏာပိုင်တွေကတော့ ဒီလို နောက်ပြောင်ရမလွယ်အောင် ဘယ်လိုတားဆီးမလဲ ဆိုတဲ့ အချက်ကို စဉ်းစားနေသလို တကယ်ဗုံးခွဲမှုနဲ့ ကြုံမှာစိုးတဲ့အတွက် လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013