ဆောင်းရာသီမရောက်မီ စက်ရုံမီးခိုးတွေက အန္တရာယ်ဖြစ်မှာကို နယူးဒေလီ ဒေသခံတွေက စိုးရိမ်နေပါတယ်။ စနေနေ့က နယူးဒေလီမှာ မီးခိုးငွေ့တွေနဲ့ လွှမ်းခြုံထားပြီး လေထုသန့်စင်မှုကလည်း အန္တရာယ်များတဲ့ အခြေအနေကို ရောက်နေတာ ဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူကျပ်ခြင်း၊ မျက်စိစပ်ခြင်းတို့နဲ့ ကြုံတွေ့နေရတာပါ။ စက်ရုံက ထုတ်တဲ့ မီးခိုးတွေကြောင့် နယူးဒေလီမှာရှိတဲ့ အထိမ်းအမှတ်အရုပ်တွေ၊ အဆောက်အဦတွေကလည်း မီးခိုးတွေကြားမှာ ပိတ်ကာနေတယ်လို့ ဆိုကြပါတယ်။
ဒေသခံတယောက်က “ဆောင်းရာသီမရောက်မီ လေထုညစ်ညမ်းမှုက တနေ့ထက် တနေ့ ပိုပြီးဆိုးလာပါတယ်။ ဟိန္ဒူတွေရဲ့ မီးထွန်းပွဲတော်လည်း လာတော့မှာပါ။ တဖြည်းဖြည်းနဲ့ လေထုညစ်ညမ်းမှုတွေ ပိုများလာဖို့ပဲရှိလို့ အစိုးရအနေနဲ့ တစ်ခုခုလုပ်ဆောင်ရမှာပါ” လို့ ပြောပါတယ်။
ဆွစ်ဇာလန်အခြေစိုက် လေထုသန့်စင်မှု စောင့်ကြည့်ရေး IQAir ရဲ့ တိုင်းတာချက်အရ စနေနေ့ လေထုသန့်စင်မှုက အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေတယ်လို့ ဖော်ပြနေပါတယ်။
နယူးဒေလီမှာ လေထုညစ်ညမ်းမှု ဖြစ်ပွားတာက ပန်ဂျပ်၊ ဟာယာနာ၊ အပ်တာပရာဒတ်နယ်တို့က လယ်သမားတွေ တောင်ယာမီးရှို့မှုကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
နယူးဒေလီမှာ နိုဝင်ဘာလ နီးကပ်လာတာနဲ့ လေထုညစ်ညမ်းလာတာက ၁၅ နှစ်လောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့နှစ်ကဆို ခရစ်ကတ်ကမ္ဘာ့ဖလားနဲ့ ကျောင်းတွေတောင် ပိတ်ထားခဲ့ရဖူးပါတယ်။
နယူးဒေလီမှာ လူ သန်း ၂၀ ကျော် နေထိုင်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံး မြို့တမြို့ဖြစ်သလို ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံးမြို့လည်း ဖြစ်လာပါတယ်။
စက်ရုံတွေက ထုတ်လွှတ်တဲ့ မီးခိုးတွေ၊ မော်တော်ယာဉ်တွေက ထုတ်လွှတ်တဲ့ မီးခိုးတွေနဲ့ တောင်ယာစိုက်ပျိုးဖို့ မီးရှို့မှုတွေက ထွက်တဲ့ မီးခိုးတွေက ဒေသခံတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။
IQAir ရဲ့ ဖော်ပြချက်အရ နယူးဒေလီဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော် ဖြစ်ခဲ့ပါတယ်။
Source-Reuters