အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းရှိ ရဲတပ်ဖွဲ့ဟာ အခုသီတင်းပတ်အစောပိုင်းမှာ လေယာဉ် ၃ စင်းကို ဗုံးခွဲမယ်လို့ အွန်လိုင်းကနေ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ စွပ်စွဲထားတဲ့ အရွယ်မရောက်သေးသူတယောက်ကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယလေကြောင်းဝန်ကြီး ရမ် မိုဟန် နိုင်ဒူ ကင်န်ဂျရပူက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က X မှာ ရေးသားထားတဲ့ ကြေညာချက်မှာ လေကြောင်းဝန်ကြီး မိုဟန်နိုင်ဒူက ဖမ်းမိထားသူဟာ အရွယ်မရောက်သေးသူတယောက်ဖြစ်ကြောင်း အတည်ပြုထားပြီး နာမည်တော့ မဖော်ပြထားပါဘူး။
၄၈ နာရီအတွင်း ဖုန်းခေါ်ဆိုမှု ၁၅ ခုကျော်လောက် လုပ်ဆောင်ခဲ့တဲ့ အတုအယောင် ခြိမ်းခြောက်မှုမှာ ပူးပေါင်းကြံစည်မှု ရှိတယ်ဆိုတဲ့ အယူအဆတွေကိုလည်း ပယ်ချခဲ့ပြီးတော့ ဒီလိုပြဿနာတွေကို အနာဂတ်မှာ စံနမူနာတွေ မဖြစ်စေဖို့အတွက် အရေးယူ ဆောင်ရွက်နေပါတယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယလေကြောင်းလိုင်းတွေဟာ အခုလအတွင်း သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းတွေကို ခြိမ်းခြောက်မှုတွေ ဆက်တိုက်လက်ခံရရှိခဲ့ပြီး ဒါတွေအားလုံးဟာ မှားယွင်းတဲ့ အချက်ပေးမှုတွေသာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ အင်ဒီဂို လေကြောင်းရဲ့ ခရီးစဉ် ၂ ခုမှာ ဗုံးခြိမ်းခြောက်မှုတွေ ရှိခဲ့ပြီး နယူးယော့ခ်ကိုသွားတဲ့ အဲရ်အိန္ဒိယ လေကြောင်းလိုင်းမှာ ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ လက်နက်ကိုင်စစ်သွေးကြွတွေ ရှိတယ်ဆိုပြီး X အကောင့်တခုကနေ ခြိမ်းခြောက်ခဲ့တာဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ထိပ်တန်းလေကြောင်းလိုင်း အင်ဒီဂိုရဲ့ ခရီးစဉ် ၈ ခုထက်မနည်း ခြိမ်းခြောက်မှုခံခဲ့ရတာပါ။ စပိုက်စ်ဂျက် ၃ စင်း၊ ဗစ်စ်တာရာ ၂ စင်းနဲ့ အဲရ်အိန္ဒိယ ၄ စင်းတို့လည်း အခုသီတင်းပတ်အတွင်း အွန်လိုင်းမှာ အလားတူ မက်ဆေ့ချ်တွေ ရရှိခဲ့ကြောင်း ရိုက်တာက တွက်ချက် သိရှိထားပါတယ်။
အဲအိန္ဒိယရဲ့ နယူးဒေလီမှ ချီကာဂို လေကြောင်းခရီးစဉ်ဟာ “လုံခြုံရေးခြိမ်းခြောက်မှု” အွန်လိုင်းမှာ တင်လိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့က လေယာဉ်ကို ကနေဒါနိုင်ငံမှာ ဆင်းသက်ခဲ့ရကြောင်း အဲအိန္ဒိယ လေကြောင်းလိုင်းက ပြောပါတယ်။
နောက်ပိုင်းမှာ ခရီးသည်တွေကို သူတို့ရဲ့ ခရီးစဉ်အဆုံးကို ကနေဒါလေတပ်လေယာဉ်နဲ့ ခေါ်ဆောင်သွားခဲ့ပါတယ်။
Source-Reuters