Home
မြန်မာသတင်း
5G Mobile စနစ် တပ်ဆင်နိုင်ရေး အိန္ဒိယက မြန်မာကို ကမ်းလှမ်း
DVB
·
October 17, 2024
Photo - Commerce

မြန်မာနိုင်ငံမှာ 5G Mobile စနစ် တပ်ဆင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေနဲ့ အကူအညီပေးဖို့ ကမ်းလှမ်းလိုက်တဲ့အကြောင်း India Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီကမ်းလှမ်းမှုကို ၈ ကြိမ်မြောက် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ရေကြောင်းကုန်သွယ်ရေးကဏ္ဍအတွက် အလားအလာရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ်ကတည်းက စတင်ကာ 5G Mobile တယ်လီဖုန်း ဝန်ဆောင်မှုတွေ စတင်တပ်ဆင်ခဲ့တာဖြစ်ကာ ဒီလိုတပ်ဆင်အပြီး ၂၁ လအတွင်းမှာပဲ နိုင်ငံတဝန်းက ကျေးရွာ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းနဲ့ နိုင်ငံတွင်းဒေသတွေရဲ့ ၉၈ ရာခိုင်နှုန်းမှာ 5G သုံးနိုင်ခဲ့ပါတယ်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဌာန တွဲဖက်အတွင်းရေးမှူး ဆစ်ဒ်ဟာ့သ် မဟာဂျန်က “5G နယ်ပယ်မှာ ကျနော်တို့အနေနဲ့ မြန်မာကို သူတို့ရဲ့ 5G စနစ် ထူထောင်ရာမှာ ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

နယူးဒေလီမှာ စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေးကိုတော့ စစ်ကောင်စီခန့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ တက်ရောက်ခဲ့ပြီး 5G ဆက်သွယ်ရေးကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာစေဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကုန်သွယ်မှုအလားအလာ၊ အထည်အလိပ်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်မှုကဏ္ဍ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ အပင်ပိုးမွှားများ စစ်ဆေးခြင်းကဏ္ဍ၊ ပင်လယ်ရေကြောင်းကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းကဏ္ဍ၊ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ကုန်သွယ်မှုအချက် အလက်တွေ ပုံမှန်ဖလှယ်မယ့် ကိစ္စတွေ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏဟာ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း  အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီယံရှိခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ရူပီးငွေနဲ့ မြန်မာကျပ်ငွေကို အသုံးပြုဖို့လည်း သိပ်မကြာခင်က ဆွေးနွေးခဲ့ပါသေးတယ်။

Source: India Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024