ကရင်ပြည်နယ် မြဝတီမြို့တဖက်ကမ်း ထိုင်းနိုင်ငံ ဖုတ်ဖမြို့နယ်စပ်တနေရာမှာ အောက်တိုဘာ ၁၅ ရက် မနက်အစောပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါရွှေ့ပြောင်းမြန်မာ ၁၈ ဦးဟာ မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ တာခ်ခရိုင် ဖုတ်ဖမြို့ အမှတ်၂ ရပ်ကွက်ဘက်ကို တရားမဝင် ဝင်ရောက်လာစဉ် ကင်းလှည့်နေတဲ့ ထိုင်းဒေသကွပ်ကဲရေး တပ်ခွဲ ၄၂၁ က ဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာပြည်တွင်းမှ အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်အားခနည်းပါးတာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့ လာကြတာလို့ အဖမ်းခံရသူတယောက်က ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၀ ဦးအား ဖုတ်ဖမြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး ထိုင်းတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
ဖိုးစီ