အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေအတွက် သီရိလင်္ကာက အောက်တိုဘာ ၁၄ ရက်မှာ စီလုံတီး လက်ဖက်ခြောက်ထုပ်တွေ လှူဒါန်းလိုက်တဲ့အကြောင်း သီရိလင်္ကာအစိုးရ သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
ဒီလှူဒါန်းမှုကိုတော့ ကိုလံဘိုမြို့မှာ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်သ်က စစ်ကောင်စီခန့် မြန်မာသံအမတ်ကြီး ဒေါ်မာလာသန်းထိုက်ကတဆင့် စီလုံတီးလက်ဖက်ခြောက် ၂၂၇ ကီလိုဂရမ်ကို ပေးအပ်လိုက်တာလို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုမှာ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်သ်က မြဝတီမြို့က ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ နိုင်ငံသား ၄၀ အတွက် စိတ်ပူမိကြောင်းနဲ့ သူတို့ကြုံတွေ့ နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေကို ရှင်းလင်းတင်ပြခဲ့ကာ စောစီးစွာ လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။
မြန်မာ စစ်ကောင်စီသံအမတ်ကလည်း သီရိလင်္ကာရဲ့ မေတ္တာရပ်ခံချက်နဲ့ ဆက်လက်လက်တွဲဆောင်ရွက်ရေး အတွက် သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ မြန်မာနိုင်ငံဟာ ၁၀ စုနှစ်တွေအတွင်း အဆိုးရွားဆုံးရေကြီး ရေလျှံမှုဒဏ်ကို ခံစားခဲ့ရပြီး အိုးအိမ်အဆောက်အအုံ ပိုင်ဆိုင်မှုတွေ၊ လယ်ယာကဏ္ဍနဲ့ ဘဏ္ဍာရေးတို့ကို ဆိုးရွားစွာ ပျက်စီးစေခဲ့တာကြောင့် အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်နေတာပါ။
စက်တင်ဘာ ၉ ရက်ကတည်းက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိ ရှိပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ် ပြန်ပါတယ်။
လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းအသီးသီးက ထောက်ပံ့ကူညီနေကြသလို NUG ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူ ညီနေပါတယ်။
Source/ Photo: News.lk