တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခန့်က ကုန်ကားမောင်းသမားတယောက် မိုင်းနင်းမိခဲ့ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
မိုင်းနင်းမိသူမှာ အသက် ၂၆ နှစ်အရွယ်ရှိ စဥ့်ကူးမြို့က ကုန်ကားမောင်းနှင်တဲ့ အမျိုးသားတယောက် ဖြစ်ပြီး မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမပေါ်က ကြဲတံတားအနီးမှာ အလေးသွားရင်း မြေမြှုပ်မိုင်းတလုံး နင်းမိခဲ့တာလို့ ကူညီဆောင်ရွက်ပေးခဲ့သူတယောက်က ပြောပါတယ်။
“ကားရပ်နားနေချိန် အလေးသွားရင်းနဲ့ မိုင်းနင်းမိတာပါ။ ကားသမားရဲ့ ညာဘက်ခြေချင်းဝတ်၊ ဘယ်နားရွက်၊ ညာဘက်လက်ညှိုးတွေ မိုင်းထိမှန်တာပါ။ အလေးသွားရင်း ဖြစ်တာပါ။”
ထိခိုက်ဒဏ်ရာရတဲ့ ကုန်ကားမောင်းသမားကို အဲဒီနေ့ ညဘက်မှာပဲ မြိတ်မြို့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး လူနာရဲ့ အသက်အန္တရာယ် ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မြိတ်-ပုလော ကားလမ်းမတေလျှာက်မှာ တိုက်ပွဲတွေကြောင့် ကားတွေ ပိတ်မိနေကြပြီး အခြေအနေ တင်းမာနေတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်ကားတွေပါ ထွက်ခွာခွင့် မရကြသေးဘူးလို့ ဆိုပါတယ်။
အခု အောက်တိုဘာ ၁၄ ရက် ညနေတည်းက မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမ တလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ သိရကာ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာဖြစ်တယ်လို့ ခရီးသွားလာတဲ့ ပြည်သူတွေဆီက သိရပါတယ်။