ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာက အမျိုးသားတယောက် သြဂုတ် ၂၄ ရက်က ကျေးရွာအနီးရှိ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
မိုင်းနင်းမိပြီး သေဆုံးသွားသူဟာ ဦးမောင်ကျော်ဌေး (၃၇ နှစ်) ဖြစ်ပြီး ကျေးရွာအရှေ့ဘက်ရှိ တောင်တန်းအသွားမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မိုင်းကို နင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်ကာ ဆေးရုံအရောက်မှာ သေဆုံးသွားတာလို့ သာစည်ကျေးရွာသားတယောက်က ပြောပါတယ်။
“သူက ရွာရဲ့အရှေ့ဘက် တောင်တန်းမှာ မိုင်းနင်းမိတာ။ အဲဒီမှာ မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်က လုံးဝပြတ်သွားတယ်။ ဆေးကုသဖို့ ဆေးရုံအရောက်မှာ ဆုံးသွားတာ။ အရင်က ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းနဲ့လည်း အရင်းနီးစပ်တာကြောင့် စစ်ကောင်စီတပ်သား မိုင်းထောင်ခဲ့ကြတာတွေ ရှိတယ်။”
အခုမိုင်းနင်းမိပြီး သေဆုံးသူရဲ့ သာစည်ကျေးရွာဟာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ နဲ့ ကပ်လျက်ရှိနေတဲ့ ကျေးရွာဖြစ်ပြီး ၃ လအတွင်း မိုင်းနင်းမိပြီး သေဆုံးတာ ၂ ယောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။
မိုင်းအန္တရာယ်က ရခိုင်ပြည်တွင်း ကြောက်စရာအကောင်းဆုံး အခြေအနေတခုကို ရောက်ရှိနေတဲ့အတွက် အာရက္ခပြည်သူအစိုးရအနေနဲ့ မိုင်းအန္တရာယ်အသိပေး ဆောင်ရွက်ချက်တွေ ပြုလုပ်ပေးသင့်တယ်လို့ တက်ကြွလူငယ်တယောက်က ပြောပါတယ်။
“လက်ရှိ စစ်မက်ကာလမှာ မိုင်းတွေက အများကြီး ကျန်ခဲ့နိုင်တယ်။ အရပ်သားတွေလည်း လစဥ် ထိခိုက်သေဆုံးနေတာ တွေ့ရတယ်။ ပြည်သူတွေ မိုင်းအန္တရာယ်နည်းနိုင်အောင် အာရက္ခပြည်သူအစိုးရ အနေနဲ့ ဒီကာလမှာ မိုင်းတွေ မရှင်းလင်းနိုင်သေးရင်တောင် မိုင်းအန္တရာယ် အသိပေးတာတွေ ထိထိရောက်ရောက် လုပ်ပေးထားဖို့ လိုအပ်တယ်။”
ရခိုင်ပြည်နယ်ရှိ မိုင်းထိလူနာအများစုဟာ စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ တပ်စွဲနေထိုင်ခဲ့တဲ့ နေရာတွေမှာ အများဆုံးဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။
အခု တကျော့ပြန်တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်မှာ မိုင်းထိပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ နီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။