Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် ယောဒေသ၌ တလအတွင်း ၁၀ ယောက်သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
DVB
·
October 18, 2024

မကွေးတိုင်း၊ ယောဒေသမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်နေတဲ့အတွက် အောက်တိုဘာလ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော် ၂ ယောက်အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။။

ဒါအပြင် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေ တူးပြီး သတိထားနေထိုင်ကြဖို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ 

ယောဒေသရဲ့ နေရာ ၃ ခုကို အောက်တိုဘာ ၅ ရက် တရက်တည်းမှာတင် လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲချခဲ့တယ်လို့ ဆောမြို့နယ် လူသားစာနာ တာဝန်ခံက ပြောပါတယ်။

“လေကြောင်းက ဒရုန်းနဲ့ကြဲတာ နေအိမ်တွေပျက်စီးသွားတယ် ကျွဲ၊ နွားတွေလည်းသေတယ်၊ လူကတော့ ၂ ယောက်ဆုံးတယ်။ ၁၅ ယောက်ဒဏ်ရာရတယ်။ နေအိမ်ကတော့ ၂၀ ကျော်ဆုံးရှုံးသွားတယ်။ ဒီတိုင်း လမ်းပေါ်ကို ချတာ။ ဆိုင်ကယ်ပြင်ဆိုင်နားနဲ့ စားသောက်ဆိုင် အကြားကိုကျတာ၊ လမ်းသွားတဲ့သူတွေရော တခြားရွာသားတွေရောထိတယ်။”

ဆောမြို့နယ် ကျောက်ထုမြို့၊ ပန်းဆန်ကျေးရွာကို လေကြောင်းကနေ ဒရုန်းနဲ့ ဗုံးကြဲချလို့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်နဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့သလို့ ဂန့်ဂေါမြို့နယ် ရေရှင်မရွာ၊ ဘုရားရင်ပြင်နဲ့ ထီးလင်းမြို့နယ်၊ ကျင်းမြောင်းရွာကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီခွဲမှာ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချပြီး ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် YPDF တပ်ဖွဲ့ဝင် ရဲဘော် ကျော်ဟိန်းနဲ့ ရဲဘော်တာဇံတို့လည်း ထိမှန် သေဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးကနေ သိရပါတယ်။

“ဂန့်ဂေါမြောက်ဘက်ခြမ်း လာပို့ရွာမှာ ၁ ကြိမ်ပစ်တာ၊ ၆ ဦး ဒဏ်ရာရတယ်၊ နောက်တနေရာက ဘော်ပြင်းရွာမှာ၊ နေအိမ်ထဲမှာရှိတဲ့ ပြည်သူ ၂ ဦး ထိသွားတယ်၊ နောက်ထပ် ၄ ဦး ဒဏ်ရာရတယ်၊ ရွာခံတွေတော့ မဟုတ်ဘူး တော်လှန်ရေးအင်အားစုက ရဲဘော်တွေ။”

စစ်တပ်ဟာ ယောဒေသကို နေ့စဉ် ဗုံးကြဲကာ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့အတွက် အရပ်သားတွေ သတိထားနေထိုင်ကြဖို့ YPDF တပ်ဖွဲ့တာဝန်ရှိသူ ကိုယောလေးက ပြောပါတယ်။

“လေကြောင်းရန်ကို အထူးသတိထားကြဖို့ လိုတယ်၊ တာဝန်ရှိသူတွေ ပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြဖို့ လိုတယ်၊ တတ်နိုင်မယ်ဆိုရင်  အိမ်တိုင်းအိမ်တိုင်းမှာ ကတုတ်ကျင်းတွေ တူးထားကြဖို့ လိုတယ်၊ ဗုံးခိုကျင်းတွေတူးပြီးတော့မှ ကိုယ့်မိသားစုလုံခြုံအောင် ပြင်ဆင်ထားကြ ဖို့လိုတယ်။”

စစ်တပ်က စက်တင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း အပါအဝင် မြန်မာနိုင်ငံအချို့ကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၃၅၀ ပြုလုပ်ခဲ့ပြီး ပြည်သူ အယောက်  ၂၂၀ နီးပါး သေဆုံးခဲ့တယ်လို့ Blood Money Campaign သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

သီရိလွင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013