ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော် တောင်ကြီးမှာ ကားဘက်ထရီခိုးခံရမှုတွေ များလာလို့ ကားသမားတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၁၅ ရက်က ပန်းလှိုင်ဆေးရုံကို ဆေးခန်းလာပြတဲ့ ကားတစီးက ဘက်ထရီ ခိုးခံလိုက်ရတယ်လို့ ပြောပါတယ်။
ကားဘက်ထရီ ခိုးခံရသူ အမျိုးသားက “ကားက ခဏပဲထားခဲ့ပြီး ဆေးခန်းထဲဝင်တာ၊ ပြန်လာတော့ နှိုးလို့မရတော့ဘူး။ ကြည့်လိုက်တော့ ဘက်ထရီအခိုးလိုက်ရပြီ။ ပိုက်ဆံမရှိတဲ့ကြားထဲ ဘက်ထရီ ခိုးခံရတယ်။ ခု ဘက်ထရီလည်း စျေးကြီးတော့ ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
ကားဘက်ထရီ ခိုးသူတွေက အမျိုးသမီးရော အမျိုးသားပါ ၅ ယောက်လောက် အဖွဲ့လိုက်ဖြစ်ပြီး ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စူဠာမုနိဘုးရားပေါ်၊ ရွှေဘုန်းပွင့်ဘုရားပေါ်၊ မြို့မစျေးထဲနဲ့ မြို့ထဲ နေရာတော်တော်များများမှာ ကားမှန်၊ ဘက်ထရီ ခိုးခံရတာ အရမ်းဆိုးလာတယ်လို့ ပြောပါတယ်။
ဘက်ထရီခိုးခံရတဲ့ အမျိုးသားက “ခုချိန် ကုန်စျေးနှုန်းတက်၊ စီးပွားရေး အဆင်မပြေကြတော့ ဒီလိုတွေဖြစ်တာ။ သူခိုးလည်း ဒုက္ခတော်တော်ဖြစ်လို့ ခိုးတယ်လို့ပဲ သဘောထားတယ်။ သူတို့ကို အပြစ်မမြင်ပါဘူး။ အုပ်ချုပ်နေတဲ့မင်း မကောင်းတော့ သူခိုးဓားပြပေါမှာပဲ” လို့ ဆက်ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ တောင်ကြီးမြို့ပေါ် လမ်းတွေမှာ ဓားပြတိုက်ခံရတာ၊ ဖုန်းလုခံရတာ၊ ဓားထောက် ပိုက်ဆံလုခံရတာ များလာပြီး လုံခြုံမှု၊ တရားဥပဒေစိုးမိုးမှုလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။