Home
မြန်မာသတင်း
တောင်ကြီးတွင် လိုင်းကားများ ဈေးတက်သဖြင့် ခရီးသည်များ အခက်အခဲဖြစ်
DVB
·
September 25, 2024
photo Crd-ဝေယံဦးကြည်

တောင်ကြီးမြို့နယ်အတွင်း တောင်ကြီး- ညောင်ရွှေ- ရွှေညောင် ပြေးဆွဲနေတဲ့ လိုင်းကားခတွေဟာ စက်တင်ဘာလထဲမှာ ဈေးထပ်တက်လာတာကြောင့် စီးနင်း‌နေတဲ့ ခရီးသည်တွေ အခက်အခဲ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်က တောင်ကြီးမြို့အတွင်း ပြေးဆွဲပေးနေတဲ့ ကားတွေဟာ မြို့တပတ်ကားစီးခ တဦး ၂၀၀ ကျပ်၊ အေးသာယာမြို့ကနေ တောင်ကြီးမြို့မဈေးအထိ တဦး ၃၀၀ ကျပ်သာ ရှိခဲ့ပြီး ၂၀၂၄ မတ်လမှာ မြို့တပတ်ကားစီးခ တဦး ၅၀၀ ကျပ်၊ အေးသာယာ- မြို့မ‌ဈေးကားခ တဦး ကျပ် ၁၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

တောင်ကြီးမြို့နယ်အတွင်း ခရီးသည်ပို့ဆောင်ရေးအတွက် မြို့ပတ်ယာဉ်လိုင်း ၃ လိုင်း၊ တောင်ပေါ်နဲ့ ရွှေညောင်၊ ညောင်ရွှေ၊ စက်မှုဇုန်ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃ လိုင်းရှိနေပြီး စက်သုံးဆီ အဓိကအသုံးပြုရတဲ့ တိုယိုတာဟိုင်းလတ်ယာဉ်အမျိုးအစားတွေနဲ့ ပြေးဆွဲပေးနေတာပါ။

တောင်ကြီးမြို့နယ်နေထိုင်သူတဦးက “အာဏာမသိမ်းခင်က အေးသာယာကနေ တောင်ကြီးကို ၃၀၀၊ မြို့ပတ်ဆို ၂၀၀ အသွားအပြန်ဆို ၁၀၀၀ ဆို လောက်တယ်။ အခု မရတော့ဘူး။ အေးသာယာထဲကို ဘယ်နားစီးစီး ၁၀၀၀၊ တောင်ပေါ်တက်ရင် ၁၅၀၀။ ဆိုင်ကယ်မရလို့ လိုင်းကားစီးရင် အဆင်မပြေဘူး“

ဩဂုတ်လနောက်ဆုံးအပတ်က စက်သုံးဆီပြတ်လပ်ခဲ့တာနဲ့ စက်သုံးဆီဈေးထိုးတက်ခဲ့တာကြောင့် စက်တင်ဘာ ၅ ရက်နေ့ကနေ မြို့တပတ်စီးခ ကျပ် ၈၀၀၊ အေးသာယာ- မြို့မဈေး တဦးကျပ် ၁၅၀၀ အထိ ဖြစ်လာခဲ့ကာ စက်မှုဇုန်- အေးသာယာမြို့အတွင်းကို တဦး ကျပ် ၁၀၀၀ အထိ ဖြစ်လာခဲ့ပါတယ်။

မြို့ပတ်ကားမောင်းသူတယောက်က “ဈေးကတော့ ဆီတက်တာနဲ့ လိုက်တက်ရတာပဲ။ ကြီးကြပ်ရေးအဖွဲ့က ကြေညာပြီးမှ အကုန်လုံးပြောင်းလိုက်တာ။ ပြီးခဲ့တဲ့ ၅ ရက်လောက်က စတာ။ နမ့်ပန်နဲ့ အင်းထဲက ကားတွေတော့ ပိုတက်တာပေါ့။ မြို့မဈေးကနေ ညောင်ရွှေအရောက်ဆို တဦး ၃၀၀၀။ ကုန်ပါရင် ပိုတောင်းရတယ်။ ကားခ ပြန်ကျဖို့တော့ ဆီဈေးကျရင်‌တော့ မပြောတတ်‌သေးဘူး။”

တောင်ကြီးမြို့မှာ အဓိကလမ်းတွေအဖြစ် အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွေ ရှိနေပြီး တောင်ကြီးမြို့မဈေး၊ စဝ်စံထွန်းဈေး၊ ဆေးရုံ၊ တောင်ကြီးတက္ကသိုလ်၊ ရဲစခန်း၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြို့လယ်ဓမ္မာရုံတို့ကို အဓိကချိတ်ဆက်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013