Home
မြန်မာသတင်း
EV လျှပ်စစ်ကားအားသွင်းခ ဈေးတက်လာသဖြင့်  EV တက္ကစီငှားရမ်းခမြင့်တက်လာ 
DVB
·
September 11, 2024

မြန်မာပြည်တွင်းမှာ EV လျှပ်စစ်ကား အားသွင်းခ ယူနစ်တွေ ဈေးတက်လာပြီးတဲ့နောက် EV တက္ကစီကားငှားရမ်းခတွေ ၂ ဆမြင့်တက်လာကာ ခရီးသည်ငှားစီးတာ ကျဆင်းလာတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကစပြီး လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံလိုက်ပြီးတဲ့နောက် ရန်ကုန်မြို့ရှိ လျှပ်စစ်ကား အားသွင်းရုံတွေမှာ တယူနစ်ကို ကျပ် ၄၀၀ ကနေ ကျပ် ၁၀၀၀ အထိ မြင့်တက်သွား တာဖြစ်ပါတယ်။

အားသွင်းခ တယူနစ်နှုန်းတွေမြင့်တက်သွားပြီးတဲ့နောက် ခရီးသည်တွေ အငှားကျဆင်းသွားတယ် လို့  EV တက္ကစီယာဉ်မောင်းတယောက်က  ပြောပါတယ်။

“ကျတာပေါ့။ တပါတ်ကို တနေ့ကို ၅ ကြောင်း၊ ၆ ကြောင်းဝင်တယ်ဆိုရင် ပုံမှန်ဝင်တယ်။ တနေ့ကို ၄ ကြောင်းတို့၊ တခါတလေကျရင် ၃ ကြောင်းတို့ အခုဆိုရင်မဝင်တော့ဘူး။ တပတ်ပတ်ပြီးတဲ့ ကာလ နည်းနည်းတော့ကွဲတယ်ပေါ့။”

အောင်မင်္ဂလာအဝေးပြေးရှိ EV တက္ကစီယာဉ်မောင်းနှင်သူတွေက တလကို ကျပ် ၃ သိန်းနဲ့ အငှား ယာဥ်မောင်း ဝန်ထမ်းတွေအဖြစ် ဝင်ရောက်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

တယူနစ်အားသွင်းခတွေ ဈေးမတက်ခင်က တပါတ်အတွင်း ပြေးဆွဲခဲ့တဲ့ အခေါက်ရေ ၃၀ ပြည့်ပါက ရာခိုင်နှုန်းနဲ့သတ်မှတ်ပြီး ကျပ် ၃၀၀၀ ထပ်မံရရှိကြတာဖြစ်လို့ အခုလို အခေါက်ရေ ကျဆင်း လာတဲ့အခါမှာ ဝင်ငွေလျော့နည်းလာပါတယ်။

ဒါ့အပြင် နယ်ခရီးတွေအငှားလိုက်ရာမှာလည်း နယ်ထွက်ကြေးတွေရပေမဲ့ အခုလို အားသွင်းခတွေ တက်လာလို့ နယ်ခရီးမထွက်ရတဲ့အတွက်လည်း လခစားယာဉ်မောင်းတွေအနေနဲ့ အဆင်မပြေ ဖြစ်လာရတယ်လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

“ဟိုင်းဝေးထွက်ရင်တော့မပြောတတ်ဘူး။ ဟိုင်းဝေးဆိုတာ ရုံးသတ်မှတ်ကြေးက နှစ်သိန်း။ အခုဟာကျတော့ ထပ်တောင်းဖို့ကျတော့ အားသွင်းခကြီးပဲ တသိန်းလောက်ဖြစ်နေတော့ အဆင်ပြေဘူးလေ။ အသွားငါးသောင်း၊ အပြန်ငါးသောင်း။ အဲ့မှာတင် တစ်သိန်းဖြစ်နေပြီ။ အဲ့ဒါတွေကျတော့ နောက်ပိုင်းဘယ်လိုလာမလဲမသိဘူး။ ကျနော်တို့ကျတော့နယ်ထွက်မှ အဆင်ပြေမှာ။ ကျနော်တို့ကျတော့ အမြဲတမ်းဝန်ထမ်းဖြစ်တော့ လခ ကျပ်သုံးသိန်းပဲရတယ်။ နယ်ထွက်မှ နယ်ထွက်ကြေးရတာ။”

လတ်တလောမှာ ရန်ကုန်မြို့ရှိလျှပ်စစ်ကားအားသွင်းရုံများမှာ သခင်မြပန်းခြံရှိ အားသွင်း ရုံကလွဲလို့ ကျန်အားသွင်းရုံတွေမှာ မီးကိုအလှည့်ကျနဲ့ ရရှိတာဖြစ်လို့ အားသွင်းတော့မယ်ဆိုရင် မီးလာမလာကို ကြိုတင်မေးမြန်းကြရတာ ဖြစ်ပါတယ်။

လတ်တလော EV ကားအားသွင်းခတွေက ဆီကားတွေထက် သက်သာနေသေးပေမဲ့ လျှပ်စစ်အားသွင်းခက ပိုအကုန်ကျများလာမလားဆိုတာ ပြောလို့မရနိုင်သေးဘူးလို့ EV အိမ်သုံးယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ဆီကားနဲ့စာရင်တော့ နည်းနည်းတော့ လျော့နေသေးတယ်ပြောလို့ရတယ်။ ဆီ ဘယ်အချိန်ထိဓာတ်ဆီဖိုးကို တက်လာဦးမလဲတော့မသိသေးဘူးပေါ့နော်။ ဒါပေမဲ့ မီးက မီးလာ တဲ့ရက်အချိန်ကို ဖုန်းဆက်ပြီးတော့ လှမ်းမေးရတာတွေရှိတယ်။”

ပြည်တွင်းမှာ လိုင်စင်ရထားတဲ့ လျှပ်စစ်ကားဟာ တနှစ်အတွင်းမှာ အစီးရေ ၂,၆၀၀ ကျော်ရှိသွားပြီလို့  ဌာနဆိုင်ရာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့ လျှပ်စစ်ကားအားသွင်းရုံတွေမှာတော့ ကားတစ်စီးကို တစ်ယူနစ်ကနေ အများဆုံး ၄၀ ယူနစ်အထိ အားသွင်းလေ့ရှိကြပြီး တနေ့ကို ယာဥ်အစီးရေ ၃၀ လောက် လာရောက် အားသွင်းကြတာကို အားသွင်းရုံတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013