Home
မြန်မာသတင်း
ရန်ကုန် - ဒလ ကူးတို့သင်္ဘောခ ကျပ် ၃၀၀ အထိ ဈေးတက်
DVB
·
September 4, 2024

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ရန်ကုန် ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးနေတဲ့ ကူးတို့  သင်္ဘောစီးခတွေ ကျပ် ၃၀၀ အထိ ဈေးတက်သွားပါတယ်။

အခုစက်တင်ဘာလဆန်းကစပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ မီတာခတွေ ဈေးတိုးမြှင့် ကောက်ခံလာသလို ရန်ကုန်မြစ်ကို  ဖြတ်သန်းသွားလာတဲ့ ဒလ - ပန်းဆိုးတန်း ကူးတို့ခလည်း စက်တင်ဘာ ၁ ရက်မှာ ဈေးတက်လာပြီး တခေါက်ကို ကျပ် ၃၀၀ အထိ တိုးမြှင့်ကောက်ခံနေ ပါတယ်။

ပန်းဆိုးတန်းဘက်ကမ်းက ကူးတို့လက်မှတ်ခ ရောင်းတဲ့နေရာမှာ လက်မှတ်တစောင်ကို ကျပ် ၃၀၀ ကောက်ခံနေတယ်လို့ ပစ္စည်းပုံမှန်ပို့လေ့ရှိသူတယောက်က ပြောပြပါတယ်။

“၁၀၀ ကနေ ၂၀၀။ ဒီလကုန်မှာ ၃၀၀ ဖြစ်တာ။ မဖြစ်မနေသွားရတဲ့ခရီးကျတော့ တက်လည်းစီးရမှာပဲ။ ကျလည်း စီးရမှာပါပဲ။”

စစ်တပ်ကာ အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က မူလသတ်မှတ်ထားတဲ့ ကူးတို့ခ ကျပ် ၁၀၀ ကို ကျပ် ၂၀၀ အထိ တိုးမြင့်ကောက်ခံခဲ့ပြီး အခုက ဒုတိယအကြိမ်မြောက် တိုးမြှင့်ကောက်ခံတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်အမျိုးအစားအလိုက် နှုန်းထားတွေကိုလည်း တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးတစီးကို အရင်က ၁၀၀ ကျပ်ကနေ လက်ရှိမှာ ၂၀၀ ကျပ်၊ ကုန် တတန်ကို အရင်က ကျပ် ၁၀၀၀ ကနေ ကျပ် ၂၀၀၀ ကောက်ခံနေတာ ဖြစ်ပြီး စျေးနှုန်း ၂ ဆလောက် မြင့်တက်သွားတယ်လို့ သိရပါတယ်၊၊

စစ်အာဏာမသိမ်းခင်ကာလက ကျပ် ၁၀၀ သာရှိတဲ့ ကမ်းကူးခ ဈေးတက်လာတာက အခြေခံလူတန်းစားပြည်သူတွေ အတွက် ပိုပြီးကျဉ်းထဲကျပ်ထဲ  ရောက်လာစေခဲ့ပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းနေပြီး ငွေကြေးဖောင်းပွဲမှုတွေကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်မားနေတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အားသုံးစွဲခတွေ တိုးမြှင့်ကောက်ခံလာတဲ့အပြင် နေ့စဥ်အသုံးပြုနေရတဲ့ ကူးတိုးခတွေ မြင့်တက်လာတာက မဖြစ်သင့်ဘူးလို့ ကလေး ၉ ယောက် မိခင်ဖြစ်သူက ပြောပါတယ်။

“ပြောင်းတော့ မပြောင်းသင့်ဘူးပေါ့လေ။ ဒါပေမဲ့ သူတို့ကပြောင်းတော့လည်း ကိုယ်ကပေးရတာပေါ့။ ပြောလို့လည်းမရဘူးလေ။”

ဒလ - ပန်းဆိုးတန်းကူးတို့ သင်္ဘောတွေကို ဒလမြို့နယ်အပါအဝင် ရန်ကုန်တောင်ဘက်စွန်းရှိ တွံတေး၊ ကော့မှုး၊ ကွမ်းခြံကုန်းစတဲ့ မြို့နယ်တွေအပါအဝင် တဆက်တည်းမှာရှိနေတဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မအူပင်စတဲ့ မြို့နယ်တွေက ခရီးသည် ၃၀၀၀၀ လောက်က အသုံးပြုနေတယ်လို့ စစ်အာဏာမသိမ်းခင်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲက ထုတ်ပြန်ခဲ့ပါတယ်။

ပန်းဆိုးတန်း - ဒလ ပြေးဆွဲနေတဲ့ ချယ်ရီ(၁)၊ (၂)၊ (၃) ကူးတို့သင်္ဘော ၃ စင်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံအတွက် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013