Home
မြန်မာသတင်း
EAO အချို့ ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေ၊ လက်နက်ကိုင်တောင်းဆိုမှုကို လိုက်လျော ဖြေရှင်းမည်မဟုတ်ဟုစစ်ခေါင်းဆောင်ပြော
DVB
·
October 16, 2024
Photo-MOI -(NCA) (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်း။

NCA လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (EAO) တချို့ဟာ  ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေးအမြတ်ထုတ်နေတဲ့ အကြောင်းနဲ့ လက်နက်ကိုင် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဝေဖန် ပြောကြားလိုက်ပါတယ်။  

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းမှတ်   အောက်တိုဘာ ၁၅ ရက်ညမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ရုပ်သံကနေ  မိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောသွားတာပါ။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီသဘောတူ စာချုပ်ရေးထိုး ပြီးချိန်ကတည်းက စာချုပ်ပါကတိကဝတ်တွေကို လေးစားပြီး တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် ရပ်တည်ခဲ့ကြတဲ့ EAO များကို တွေ့ရှိခဲ့ရသလို အခွင့်အခါကိုစောင့်ပြီး အခြေအနေ ပေးရင် ပေးသလို ကတိကဝတ်တွေကို ချိုးဖောက်ပြီး ကိုယ်ကျိုးရှာ နိုင်ငံရေး အမြတ်ထုတ်နေတဲ့ EAO တွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရှိရ ပါတယ်။ NCA ကိုလက်မှတ်ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက် ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှသည် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအရေးနဲ့ ဒီမိုကရေစီအရေးအတွက်ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ တချို့သော EAO တွေအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးထားရှိခဲ့တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်ပြီး NUG ၊ CRPH အဖွဲ့တွေကို တဖက်လှည့်နည်းနဲ့ ထောက်ခံအားပေးခဲ့တယ်၊  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ခဲ့တဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေရဲ့ လုပ်ဆောင်ချက် တွေကလည်း ပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေကို ပိုမိုဆိုးရွား စေခဲ့တယ်၊ KNPP ၊ KNDF ၊ PNLO ၊ KIA နဲ့ KNU တို့ဟာ နယ်မြေဒေသအသီးသီးမှာ အဖျက်အမှောင့် လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောပါတယ်။ 

လက်နက်ကိုင်အကြမ်းဖက်နည်းနဲ့ မိမိတို့လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်ပါတယ်၊ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့  စစ်ခေါင်းဆောင်ကပြောပါတယ်။

EAO အဖွဲ့တွေကို စစ်ခေါင်းဆောင်ကစွပ်စွဲပြောဆိုနေပေမဲ့ လက်တွေ့မြေပြင်မှာတော့  စစ်ကောင်စီတပ်တွေက မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကျူးလွန်နေသလို၊ အရပ်သားပြည်သူတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေး အဆောက်အဦတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်လိုလို ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ လက်ရှိမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနေပြီး အာမခံထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ပေးနိုင်ဖို့ စီမံဆောင်ရွက်နေတယ်၊ နယ်မြေလုံခြုံရေးအတွက် သက်ဆိုင်ရာ EAO တွေ ပူးပေါင်းပါဝင် ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံငယ်တွေအပေါ် ဩဇာ လွှမ်းမိုးမှုရှိအောင် ပြည်တွင်းမှာ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်း မျိုးစုံတို့ကို ဖန်တီးပြီး စီးပွားရေးထိခိုက်အောင်၊ လိုသလိုချယ်လှယ်နိုင်အောင် ဖန်တီးဆောင်ရွက်နေကြတယ်၊ တကျော့ပြန် ခေတ်သစ် ကိုလိုနီနယ်ချဲ့မှုတွေ ဖန်တီးနေကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

“ဒီနေ့ ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်လိုတဲ့အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းသာ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံအတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုများအကြား စည်းလုံးမှုမရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့ သွေးခွဲမှုတွေ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအား လျော့ပါးလာအောင် နိုင်ငံရေးအရရော စီးပွားရေးအရပါ မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတာတွေ့ရပါတယ်” လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်က တဖက်မှာအခုလိုပြောနေပေမဲ့ တဖက်မှာတော့ အင်အားကြီး နိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ တရုတ်၊ ရုရှားတို့ ရဲ့  ဩဇာခံအဖြစ် ဆက်ဆံနေပြီး တိုင်းပြည်သယံဇာတတွေကို ရောင်းစားကာ တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်ဖို့  စစ်လက်နက်တွေဝယ်ယူ အသုံးပြုနေတာ ဖြစ်ပါတယ်။  

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို  အောက်တိုဘာ ၁၅ ရက် မနက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို စစ်ကောင်စီကိုယ်စားလှယ်တွေ၊ NCA လက်မှတ်ရေးထိုးထားထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင် တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့မှ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊  NCA ဖြစ်မြောက်ရေးကြိုးပမ်းခဲ့သူတွေနဲ့ အသိသက်သေတွေ တက်ရောက်ခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013