Home
ရုပ်သံ
ကမ်းခြေစောင့်တပ်ကို နှစ်စဥ် တိုးချဲ့ဖွဲ့စည်းမည်ဟု စစ်ခေါင်းဆောင် ပြော
DVB
·
October 8, 2024

ကမ်းခြေစောင့်တပ်ဖွဲ့ကို နှစ်စဥ် လူနဲ့ လက်နက်အင်အား တိုးချဲ့ဖွဲ့စည်းပြီး အဆင့်မြှင့်တင်ပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရန်ကုန် အမှတ် ၃ သီလဝါဆိပ်ခံတံတားမှာ အောက်တိုဘာ ၆ ရက်က ပြုလုပ်တဲ့ ကမ်းခြေစောင့်တပ် တည်ထောင်ခြင်း ၃ နှစ်ပြည့်နဲ့ ၄၈ မီတာ အမြန်သွား ကင်းလှည့်စစ်ရေယာဥ် ၄ စီး တပ်တော်ဝင်တဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

“ဒီနေ့ဟာ ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်သစ် ၄ စီးကို မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှာ အင်အားဝင်ရေယာဉ်များအဖြစ် တပ်တော်ဝင် စာရင်းသွင်းနိုင်တဲ့ မင်္ဂလာရှိတဲ့နေ့တနေ့ ဖြစ်သလို တပ်မတော်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့အတွက် အားသစ်လောင်းတဲ့ နေ့တနေ့လည်း ဖြစ်တယ်။ နောက်နှစ်တွေမှာ လူ၊ လက်နက်နဲ့ စစ်ရေယာဥ်တွေကို တိုးချဲ့ဖွဲ့စည်းပြီး အဆင့်မြှင့်တင်သွားမှာပါ။”

ပင်မကမ်းခြေကမ်းရိုးတန်းကနေ သီးသန့်စီးပွားရေးဇုန်အထိ ဝေဟင်၊‌ ရေပြင်ကို ကာကွယ်စောင့်ရှောက်နိုင်ပြီး အရည်အချင်းပြည့်ဝတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ဖြစ်လာအောင် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ဖို့လည်း အရေးကြီးတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် အကောင်အထည်ဖော်ခဲ့တဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကို စစ်တပ်က အာဏာသိမ်းပြီး ၈ လကြာမှ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က DVB ကို ပြောပါတယ်။

“အရင်က ကမ်းခြေစောင့်တပ်မရှိတော့ ရေတပ်နဲ့ ရဲတွေက ပင်လယ်ရေကြောင်းကိစ္စတွေ လုပ်ရတယ်။ အမေစုက နိုင်ငံတကာအဆင့်မီအောင် ကမ်းခြေစောင့်တပ် ဖွဲ့မယ်ဆိုတော့ စစ်တပ်က ၂၀၁၉ အထိ မဖွဲ့ဘူး၊ ဖွဲ့ထားပြောတယ်ပဲပြောတာ၊ အာဏာသိမ်းပြီးမှ တရားဝင်ဖွဲ့စည်းတာ၊ ပြောရရင် အမေစု ဖွဲ့ပေးခဲ့တဲ့တပ်ဆိုတာ မရှိအောင်လုပ်တာ။”

တရုတ်နိုင်ငံအနေနဲ့ NLD အစိုးရလက်ထက်က ကတိပြုခဲ့တဲ့ ကင်းလှည့်ရေယာဥ် ၆ စီးကို ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက်က စစ်ကောင်စီကို လွှဲပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ ပင်လယ်ကမ်းရိုးတန်း ရေမိုင် ၁,၃ဝဝ ဝန်းကျင်နဲ့ ရေပြင်နယ်နိမိတ် စတုရန်းရေမိုင် ၁၄၀,၀၀၀ ကျော်ရှိတာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို လူအင်အား၊ လက်နက်အင်အား တိုးမြှင့်ဖွဲ့စည်းဖို့ စီစဥ်နေတာပါ။

ကမ်းခြေစောင့်တပ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်က တည်ထောင်ခဲ့ပြီး အဲဒီတပ်ဖွဲ့မှာ ဗိုလ်ချုပ်တယောက်က ဦးဆောင်ကာ တပ်အင်အားစာရင်းကိုတော့ စစ်ကောင်စီက ထုတ်ပြန်ကြေညာတာ မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013