တနင်္သာရီတိုင်း၊ ထားဝယ်မြို့က ဆီတင်သင်္ဘော မီးလောင်မှုဖြစ်စဥ်မှာ စုစုပေါင်း သေဆုံးသူ ၈ ယောက်အထိရှိပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ် ဆောင်ရွက်ပေးနေတဲ့သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲလောက်မှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းက ဆိပ်ကမ်းမြေနေရာရှိ မီချီလီဆီသင်္ဘောမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။
အခင်းဖြစ်နေရာကို မီးသတ်ယာဥ် ၁၂ စီးနဲ့ သွားရောက်မီးငြှိမ်းသတ်ခဲ့ရပြီး နောက်တနေ့ မနက် ၉ နာရီအချိန်လောက်မှာသာ မီးငြိမ်းသွားတယ်လို့ ထားဝယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မီးလောင်မှုမှာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက် ဒဏ်ရာရရှိကာ နောက်ထပ်အမျိုးသားတယောက်ကတော့ ပျောက်ဆုံးနေပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်ပေးသူတယောက်က “ပထမတော့ အခင်းဖြစ်နေရာမှာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ အလောင်းတွေ့တယ်။ ဆက်လက်ပြီး မီးငြှိမ်းသတ်ရင်းနဲ့ ရှာဖွေချိန်မှာတော့ နောက်ထပ် ၇ ဦး ထပ်တွေ့တယ်၊ စုစုပေါင်း သေဆုံးသူ ၈ ဦးပါ။ ဒဏ်ရာရသူ ၃ ဦး ပြည်သူ့ဆေးရုံကြီးကိုပဲ ပို့ဆောင်ပါပြီ။ သေဆုံးသူတွေက ဆီသင်္ဘောက လုပ်သားတွေပါ” လို့ ပြောပါတယ်။
ဆီတင်သင်္ဘောအရှေ့ပိုင်းတခုလုံး မီးလောင်ပျက်စီးခဲ့ပြီးတော့ အနီးဝန်းကျင်က ဆီလာထည့်တဲ့ သင်္ဘောတစီးရဲ့ အရှေ့ဦးပိုင်းမှာလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက် ပေးသူက ပြောပါတယ်။
“စလောင်ကျွမ်းတဲ့အချိန်က ဆီလာထည့်တဲ့ သင်္ဘောတစီးက ရေကျနေတော့ ရုတ်တရက် ထွက်လို့ မရဘူး။ မီးကလောင်ကျွမ်းရင်းနဲ့ သင်္ဘောဦးပိုင်းကို အနည်းငယ်ကူးစက်တာရှိတယ်။ ရေတက်ချိန်ကျတော့ သင်္ဘောက ခွာသွားနိုင်တယ်။ ဒဏ်ရာရသူ ၃ ယောက်ကိုတော့ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီးကုသထားတယ်၊ အသက်အန္တရာယ်စိုးရိမ်မှုရှိ၊ မရှိ မသိရသေးဘူး။”
အဆိုပါ ဆီဘောမှာ ထားဝယ်ခရိုင်အတွင်း စက်သုံးဆီတွေကို အဓီကဖြန့်ဖြူးရောင်းချပေးနေတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ သိရပြီး အခုလို့ ဆီဘောမီးလောင်ပေါက်ကွဲရတဲ့ အကြောင်းရင်း ကိုတော့ အတည်ပြုနိင်ခြင်းမရှိသေးပါဘူး။