ပဲခူးတိုင်း၊ တောင်ငူမြို့၊ ဇေယျာခင်ဦး ၂၁ ရပ်ကွက်၊ နတ်သျှင်နောင်လမ်းမှာ အောက်တိုဘာ ၁ ရက် ညနေ ၄ နာရီကျော်က နေအိမ် ၂ လုံးမီးလောင်ပြီး လူတယောက် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
မီးလောင်မှုဟာ နေအိမ်အပေါ်ထပ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားနဲ့ ဘက်ထရီအိုးကနေ အပူလွန်ကဲရာမှ စတင်ခဲ့တာဖြစ်ပြီး သွပ်မိုးပျဉ်ကာ ၂ ထပ် အုတ်တိုက် ၂ လုံး မီးလောင် ပျက်စီးခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိချိန်မှာတော့ အသက် ၄၀ အရွယ် မသန်စွမ်း အမျိုးသားတယောက်ဟာ မီးလောင်မှုစတင်ခဲ့တဲ့ အိမ်ထဲမှာပဲ ပိတ်မိသေဆုံးနေခဲ့ ပါတယ်။
မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “လေဖြတ်ထားတဲ့ အမျိုးသားတဦး ပိတ်မိ သေဆုံးပါ။ နတ်သျှင်နောင်လမ်းက ဦးခင်ရဲ့သားပါ။ အသက် ၄၀။ ဆိုလာကြိုးကနေ မီးပွားဖြစ်ပြီး လောင်တာလို့ ပြောတယ်။ ၂ ထပ်အိမ် ၂ လုံး လောင်သွားတာ။ အခြား ထိခိုက်မှုမရှိဘူး”လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို တောင်ငူမြို့နယ်မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ်တွေနဲ့ အရပ်ဘက်အသင်းတွေ ရောက်ရှိ မီးငြှိမ်းသတ်ခဲ့ကြတာကြောင့် ညနေ ၄ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းသွားခဲ့ပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။
၂၀၂၄ ဧပြီ ၁ ရက်ကလည်း တောင်ငူတက္ကသိုလ်ဝင်းထဲက လိုင်းခန်း ၈ ခန်း မီးလောင်ခဲ့ဖူးပါတယ်။