ထိုင်းကျောင်းဘတ်စ်ကား မီးလောင်ပြီး ကျောင်းသားတွေအပါအဝင် အနည်းဆုံး ၂၅ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ပဲ့ထောင်ထန်း ရှင်နာဝပ်က ဆိုရှယ်မီဒီယာ ‘X’ မှာ ဝမ်းနည်းကြောင်း ပို့စ်တင်ထားပါတယ်။
သူဟာ မိခင်တယောက်အနေနဲ့ ဒဏ်ရာရပြီး သေဆုံးသွားတဲ့ မိသားစုတွေကို အလေးအနက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး အစိုးရအနေနဲ့ ဒုဝန်ကြီးချုပ် ၂ ယောက်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ပို့ဆောင်ရေးဝန်ကြီးအပြင် ဒုတိယပြည်ထဲရေးဝန်ကြီးတို့ကို အခင်းဖြစ်ပွားရာကို သွားရောက်ဖို့ အမိန့်ပေးထားကြောင်းနဲ့ အစိုးရက ဆေးဖိုးတွေကို တာဝန်ယူ အကုန်အကျခံမှာ ဖြစ်ပြီးတော့ သေဆုံးသွားတဲ့ မိသားစုတွေကို ကရုဏာ လျော်ကြေးပေးမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆင်ခြေဖုံးမှာ ကွင်းဆင်းလေ့လာနေတဲ့ မူလတန်းကျောင်းသားလေးတွေ အများစုနဲ့ ဆရာတွေကို တင်ဆောင်လာတဲ့ ကျောင်းကားတစီး အောက်တိုဘာ ၁ ရက် မီးလောင်ခဲ့လို့ ၂၅ ယောက် သေဆုံးခဲ့ပြီး ခရီးသည် ၁၆ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ အစိုးရက ပြောပါတယ်။
ဒဏ်ရာရသူ သို့မဟုတ် သေဆုံးမှု အရေအတွက်ကို ရဲတပ်ဖွဲ့က ချက်ချင်း အတည်မပြုနိုင်သေးပေမဲ့ ပြည်ထဲရေးဝန်ကြီး အနုတင်ချာန်ဗီရာကူလ်က လူ ၂၃ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကျောင်းသား ၁၆ ယောက်နဲ့ ဆရာ ၃ ယောက်တို့ကို ဆေးရုံကို ပို့ဆောင် ကုသထားကြောင်း ပို့ဆောင်ရေးဝန်ကြီး ဆူရိယဂျူယန်ရွန်ရွမ်ကစ်က ပြောကြားခဲ့ပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုပါတယ်။
ရွမ်ကာ့တယု ဖောင်ဒေးရှင်းရဲ့ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်း ယုသဖွန်ကယ်စကွန်းကတော့ ဘတ်စ်ကားဟာ ချောင်ဘူရီပြည်နယ်ကို သွားတဲ့လမ်းမှာ တာယာပေါက်ကွဲပြီး မီးလောင်သွားတာဖြစ်တယ်လို့ ပြောပါတယ်။
အစပိုင်းမှာတော့ လူ ၁၆ ယောက်ကို ဘတ်စ်ကားပေါ်ကနေ ကယ်တင်နိုင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ အထဲမှာ ပိတ်မိနေတာကြောင့် ကံဆိုးစွာနဲ့ မကယ်တင်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။ နောက်ပိုင်းမှာ မီးငြိမ်းသွားခဲ့ပါတယ်။
Source-Reuters